Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၂၀၂၂ ခုနှစ်၊ မိုးအကြို လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးမည့် မြေနေရာ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၄  

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ ရန်အောင်မြေကြိုးဝိုင်း၊ အကွက် အမှတ်(၁၃)ရှိ ၂၀၂၂ ခုနှစ်၊ မိုးအကြို လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးမည့် မြေနေရာ (၆ ဒသမ ၈) ဧကကို  ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက ပန္နက်စိုက်ထူပြီးစီးမှု၊ ကျင်းတူးခြင်း၊ နွားချေး၊ မြေဆွေးထည့်ခြင်း၊ ကျင်းဖို့ခြင်း ဆောင်ရွက်မည့် အစီအမံများ၊ မြေပြိုရေတိုက်စားနိုင်သည့် နေရာများတွင်  ဗာတီဗာမြက် စိုက်ပျိုးမည့်အခြေအနေ၊ ကွန်တိုကန်သင်းအလိုက် သရုပ်ပြစိုက်ပျိုးမည့် အစီအစဉ်၊ ကျောက်စီ နှုန်းထိန်းတမံ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အကွက်အလိုက်၊ လိုင်းအလိုက် ပန္နက်စိုက်ထူထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည်များမှာကြားသည်။ အဆိုပါမြေနေရာတွင် အမြင့်(၂)ပေ နှင့်အထက် အရိပ်ရပင်၊ ဝါးပင်၊ သစ်တောပင် စုစုပေါင်းအပင် (၃၆၇၂) ပင် အား စိုက်ပျိုး သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၂၂ ခုနှစ်၊ မိုးအကြို လူထု လှုပ်ရှားမှု သစ်ပင်စိုက်ပျိုးခြင်းကို လာမည့်မေလနှင့် ဇွန်လများအတွင်း ပျိုးပင်ပေါင်း (၂၂၇,၂၂၂)ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)