နေပြည်တော် မတ် ၂၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေး သမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် ဥရောပအာရှ စီးပွားရေး ကော်မရှင်၊ အကြီးစားစီးပွားရေးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး အတွင်းရေး မှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ကို ရုံးအမှတ် (၁) ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေး ကော်မရှင်တို့ အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် ဆွေးနွေး ညှိနှိုင်း ဆောင် ရွက်လျက်ရှိသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးရေးကိစ္စနှင့် အစိုးရ-ပုဂ္ဂလိကဆွေးနွေးပွဲများ ကျင်းပပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် စီးပွားရေး ကဏ္ဍများနှင့် လုပ်ငန်းစီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသော စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကမ္ဘာ့ကပ်ရောဂါကြောင့် သက်ရောက်ခဲ့သည့် မြန်မာ့ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေး အတွက် နိုင်ငံတော်အစိုးရက ဦးစားပေး ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ဥရောပအာရှစီးပွားရေးသမဂ္ဂ ဒေသ၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာရှိသော စီးပွားရေးနယ်ပယ်များနှင့် ကူညီပံ့ပိုး ဆောင်ရွက်သွားမည့် အခြေအနေများ ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဥရောပအာရှ စီးပွားရေးကော်မရှင်(EEC) မှ တာဝန်ရှိသူများနှင့် စီးပွားရေး ကိုယ်စား လှယ်အဖွဲ့ဝင်များက ဦးစားပေးပူးပေါင်းဆောင်ရွက်လိုသည့် စီးပွားရေး ကဏ္ဍများနှင့် လုပ်ငန်း စီမံကိန်းများ၊ မြန်မာနိုင်ငံနှင့် EEC အကြား အနာဂတ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။ ဥရောပ အာရှ စီးပွားရေး ကော်မရှင် (EEC) သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ် နိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် ကာဂျစ်စတန်နိုင်ငံ ၅ နိုင်ငံဖြင့် ဖွဲ့စည်း ထားသည့် ဥရောပအာရှစီးပွားရေး သမဂ္ဂ(EAEU)၏ ဦးဆောင် အဖွဲ့အစည်းဖြစ်ပြီး အကောက်ခွန်သမဂ္ဂပုံစံဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များကို ဆောင်ရွက်လျက် ရှိသည်။ ဥရောပအာရှစီးပွားရေးသမဂ္ဂ (EAEU) သည် အာဆီယံနှင့် လည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)