နေပြည်တော် မတ် ၂၃
Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုလွင်နှင့် ဦးရင်မောင်ညွန့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ယခုလာမည့် ဧပြီလနှင့် မေလတွင် ကာကွယ်ဆေး ထိုးနှံရမည့်သူ အားလုံးကို ၁၀၀% ပြည့်မီအောင် ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ ကာကွယ်ဆေး စွမ်းအားမြှင့် “Booster Dose” ထိုးနှံနိုင်ရေး အတွက်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံလိုအပ်နေမည်ဖြစ်၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) သို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ရေတိုစီမံချက်အနေဖြင့် Sinopharm China National Biotec Group မှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို Ready to Fill Bulk အနေဖြင့် ဝယ်ယူ၍ ပုလင်းသွင်း ဖြည့်တင်းခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယနေ့အချိန်အခါတွင် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခြင်း ဖြစ်ပါကြောင်း။ ။
ပုလင်းသွင်း ဖြည့်တင်းခြင်း ဆောင်ရွက်သည်ဟု ဆိုသော်လည်း ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ထိုသို့ ဆောင်ရွက်နိုင်ရန်ကြိုးပမ်းလျက်ရှိရာ အာဆီယံ ဒေသတွင် မြန်မာနိုင်ငံအပါအဝင် ငါးနိုင်ငံ ဆောင်ရွက်နိုင်ခဲ့ပြီး Sinopharm ကာကွယ်ဆေးအား ပုလင်းသွင်း ဖြည့်တင်းခြင်း (Fill-Finish) ကို ကမ္ဘာပေါ်တွင် လေးနိုင်ငံတည်း လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ Sinopharm CNBG ကလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်မှု နည်းစဉ်များနှင့် အရည်အသွေး စမ်းသပ်စစ်ဆေးမှု နည်းစဉ်များကို သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ယခုကဲ့သို့ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်တွင်း၌ အောင်မြင်စွာ ဆောင်ရွက်နိုင်မှုသည် ကာကွယ်ဆေး ထုတ်လုပ်မှု နည်းစဉ်များ ရရှိခဲ့ရုံသာမက နိုင်ငံခြားငွေ သုံးစွဲမှုကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါကြောင်း။
ထုတ်လုပ်မည်
ယခု ထုတ်လုပ်ထားရှိသည့် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ဆေးပုလင်း တစ်လုံးလျှင် လူ ငါးဦးစာ (5 Doses) ဖြစ်၍ အပူချိန် (2-8°C) အတွင်း ထားရှိရန် လိုအပ်ပြီး ဆေး၏ သက်တမ်းမှာ တစ်နှစ် ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့် လစဉ် ကာကွယ်ဆေး Doses တစ်သန်းနှုန်းဖြင့် ၂၀၂၂၂၀၂၃-ခု ဘဏ္ဍာနှစ် အတွင်း ကာကွယ်ဆေး Doses ၁၀ သန်း ထုတ်လုပ်သွားမည်ဖြစ်ပြီး ထုတ်လုပ်ပြီးသည့် ကာကွယ်ဆေးများ အားလုံးကို ကျန်းမာရေး ဝန်ကြီးဌာနမှတစ်ဆင့် ပြည်သူလူထုထံသို့ ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်သည့် အစီအစဉ်၌ ထည့်သွင်းအသုံးပြုသွားရန် စီစဉ်ထားရှိပါကြောင်း။
ယခုအခါ မြန်မာနိုင်ငံ၌ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် မရှိမဖြစ် လိုအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆေးဝါးစက်ရုံ (အင်းစိန်) ၏ ကြီးကြပ်မှုအောက်ရှိ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) တွင် ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ရာ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်းကူညီ ဆောင်ရွက်ပေး ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် ရေရှည်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှုကို အစအဆုံး ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနတို့နှင့် သုတေသနလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် က အမှာစကား ပြောကြားပြီး Sinopharm Group ဥက္ကဋ္ဌ Mr. Liu Jingzhen နှင့် အဖွဲ့က Video Conferencing ဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် ဒေါက်တာ သက်ခိုင်ဝင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင် တို့က Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်း အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
စက်ခလုတ်နှိပ်ဖွင့်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်း အခမ်းအနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက Myancopham ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာတွင် ကူညီ ဆောင်ရွက်ပေးခဲ့သော မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာတွင် ပါဝင်ဆောင်ရွက်ပေးခဲ့သော Sinopharm CNBG မှ ပညာရှင်များအားလည်းကောင်း၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်က Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာတွင် ဆောင်ရွက်ခဲ့သည့် မြန်မာ့ဆေးဝါး လုပ်ငန်းမှ ဝန်ထမ်းများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
ကြည့်ရှုလေ့လာ ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားတက်ရောက် လာကြသည့် ဧည့်သည်တော်များက Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နေမှု နည်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။ ။
သတင်းစဉ်