နေပြည်တော် မတ် ၂၃
နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လပတ် ဘဏ္ဍာနှစ်ချုပ် ပိတ်လအတွင်း သက်ဆိုင်ရာအစိုးရဌာနများ၏ ငွေစာရင်းသို့ အခွန်အခများ အချိန်မီရောက်ရှိရေးအတွက် ဘဏ်များအနေဖြင့် CBM-NET ၏ Fund Transfer ကို အသုံးပြု၍ လည်းကောင်း၊ Cheque/PO များ အသုံးပြု၍ လည်းကောင်း၊ လွှဲပြောင်းစာရင်း ရှင်းလင်းခြင်းနှင့် စပ်လျဉ်း၍ အခက်အခဲမရှိ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယခုလသည် ဘဏ္ဍာနှစ်ချုပ် ပိတ်လဖြစ်သည့်အတွက် နိုင်ငံတော်မှရရှိမည့် ဝင်ငွေများဖြစ်သည့် အခွန်အခများအား သက်ဆိုင်ရာ အစိုးရဌာနများ၏ ငွေစာရင်းသို့ အချိန်မီရောက်ရှိ ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်များအချင်းချင်း CBM-NET မှတစ်ဆင့် Fund Transfer နည်းဖြင့် လွှဲပြောင်းမှုများအတွက် ပမာဏများ ကန့်သတ်ထားခြင်းမရှိပါ၍ ဘဏ်များအနေဖြင့် အခွန်ထမ်းပြည်သူများမှ လာရောက်ပေးသည့် အခွန်များအား သက်ဆိုင်ရာဘဏ်စာရင်းသို့ Fund Transfer နည်းဖြင့် လွှဲပြောင်းသည့်အခါ အပြည့်အဝဆောင်ရွက်ပေးရန်၊ အကယ်၍ အခွန်ထမ်းပြည်သူများမှ ပမာဏ ကြီးမားသော လွှဲပြောင်းမှုများဖြစ်ပါက ဘဏ်အနေဖြင့် မိမိ၏ Customer နှင့် ညှိနှိုင်း၍ လွှဲပြောင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်၊ နှစ်ချုပ်ပိတ်လဖြစ်သည့်အတွက် ဘဏ်များအနေဖြင့် မိမိဘဏ်၏ Customer များအား နောက်ဆုံးစာရင်း ရှင်းလင်းပေးမည့်နေ့ရက်ကို ကြိုတင်အသိပေး ထားရန်မှာကြားသည်။
ဆက်လက်၍ ဘဏ်များအနေဖြင့် PO ရောင်းချမှုများတွင် Customer များ၏ old Account မှဖြစ်စေ၊ New Account မှဖြစ်စေ၊ ရောင်းချပေးရန်၊ ဈေးကွက်တွင် ငွေသားယူစာရင်းပြောင်း၍ PO ဝယ်ယူခြင်းများ၊ ရခိုင်နှုန်းယူ၍ ငွေသား လဲလှယ်ခြင်းများနှင့် ပက်သတ်၍ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ကြပ်မတ်ဆောင်ရွက် မည်ဖြစ်ပါကြောင်း မှာကြားခဲ့ပြီး ဘဏ်များမှလည်း ၎င်းတို့ဆောင်ရွက်ချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်