နေပြည်တော် မတ် ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အာဆီယံလမ်းမကြီး AH 112 ဖြစ်သည့် ထားဝယ် - မြိတ် လမ်းပေါ်ရှိ ကျွဲကူး - ကျောက်ဖျာ တံတား ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရေလယ်တိုင် M-6 ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းနှင့်ငန်း P1 မှ M5 ကြား Plate Girder ငါးခန်း ဆေးသုတ်ခြင်းလုပ်ငန်းများ အပိုင်းလိုက်ဆောင်ရွက်နေမှုကို တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တံတားတစ်ခုလုံး၏ Foundation ကြံ့ခိုင်မှု ၊ Water Level ထိ ချဉ်းကပ်တံတားနှင့် ပင်မရေလည်တိုင် Bored Pile များ၏ Lower Water Level ထိ ရေငုပ်စမ်းသပ် စစ်ချက်ရယူဆောင်ရွက်ရန်၊ P 1 မှ M5 ကြား Plate Girder ၏ သံချေးစား ပျက်စီးမှုများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး ကျွဲကူး - ကျောက်ဖျာ တံတားပေါ်သို့ လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်ပြည်သူ့ဆေးရုံ တိုးချဲ့ သုံးထပ်ဆောင်သို့ ရောက်ရှိပြီး လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာ သေသပ်ကောင်းမွန်ရေး၊ သတ်မှတ်ချိန် ပြီးစီးရေးတို့အား အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ် ပြည်သူ့ဆေးရုံ သုံးထပ်တိုးချဲ့ဆောင် ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မြိတ်မြို့လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတွင် အဆောက် အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စသည့် ဦးစီးဌာနငါးခုတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် တက်ရောက်သူများက ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာ နေထိုင်ကြရန်နှင့် ဝန်ထမ်းတိုင်းသည် ပါတီနိုင်ငံရေးကင်းရှင်းရန်တို့အား အလေးထားလိုက်နာကြရန်မှာကြားပြီး ဦးစီးဌာနအလိုက် ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ဝန်ထမ်းရေးရာကိစ္စများနှင့် ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်