နေပြည်တော် မတ် ၂၃
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြု အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ အလှူငွေပေးအပ်ပွဲသို့ တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူနှင့် စစ်ကြောင်းမှူးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုမ္ပဏီ ၁၇၆ ခု နှင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုအလှူငွေ စုစုပေါင်းငွေကျပ် ၇၅၈၀၈၀၀၀၀ ကို ပေးအပ်လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော်နေ့ ကျင်းပရေးစစ်ရေးပြလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် ကိုလေး၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဂုဏ်ပြုအလှူငွေ ပေးအပ်လှူဒါန်းပွဲအပြီးတွင် တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်