နေပြည်တော် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝဇီရာ(၈)လမ်းနေ ဇော်လင်းထွန်း(ခ)ဇွဲကို (ခ)ဒီမွန်(ဘ) ဦးကျော်လွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများ အဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ မြောက်ဥက္ကလာပ မြို့နယ်၊ (ဃ)ရပ်ကွက်၊ နွယ်နီ(၃)လမ်းနေ အထက်တန်းပြ ဆရာမတစ်ဦးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ခြင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)တိုးချဲ့ရပ်ကွက်ရှိ လုံခြုံရေးရဲကင်း စခန်းနှင့် အမှတ်(၃၇)ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ EPC ရုံးတို့အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာတွင် ပါဝင်ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ) အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းအား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အလားတူ ၂၀၂၁ ခုနှစ်၊ မတ် ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ စိန်ဟိုင်းကျေးရွာနေ နွယ်ထွန်း(ခ)လွယ်ထွန်း(ခ)ဥူးဝိမလ(ဘ) ဦးမြင့်ဦးသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာလမ်းနေ အပြစ်မဲ့ပြည်သူ ၂ ဦးအား သတင်းပေး၊ ဒလန်ဟုစွပ်စွဲ၍ မီးရှို့၊ ရိုက်နှက် သတ်ဖြတ်ခြင်းကြောင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂)/ ၁၁၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းအား “အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂၀)နှစ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ဖြိုးကျော်ဇင် (ခ)ကိုဖြိုး(ဘ) ဦးအောင်ကျော်စိုး၊ ကောင်းမြတ်(ခ)စောကောင်းမြတ်(ခ)ဖြိုးမောင်မောင် (ဘ)ဦးရဲမြင့်ထွန်း၊ ကိုကို(ဘ)ဦးတင်မောင်နှင့် ဝင်းကို(ဘ) ဦးဝင်းကျော်တို့ ၄ ဦးသည် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်(၃)လမ်း၊ ပါရမီ ဆေးခန်းရှိ သူနာပြုဆရာမကြီး တစ်ဦးအား သေနတ်ဖြင့် ဝိုင်းဝန်းလုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းကြောင့် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁) (ခ)/ ၃၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၂၂ ရက်တွင် ၎င်းတို့အား “သေဒဏ်” အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ် ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်