Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်တွင် ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၂၃

၂၀၂၂ ခုနှစ် မတ် ၂၇ ရက်တွင် ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

တက်ရောက်

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝင်းရှိန်၊ ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က မတ်လ ၂၇ ရက်တွင် ကျင်းပမည့် တပ်မတော်နေ့အခမ်းအနားတွင် နောက်ဆက်တွဲ ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးရန်အစီအစဉ်ရှိကြောင်း၊ အစဉ်အလာအရ ၂၀၂၂ ခုနှစ်အတွင်း ထုတ်ပြန်သည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များသည် ၂၀၂၄ ခုနှစ် လွတ်လပ်ရေးနေ့တွင် ပေးအပ်ရမည် ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်၏ ဒီမိုကရေစီစနစ် ပီပြင်ခိုင်မာစေရေး ပြုပြင်ထိန်းသိမ်းနေသည့် ကာလအတွင်း နိုင်ငံတော်၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့်သစ္စာရှိ ဝန်ထမ်းကောင်းများရှိကြောင်း၊ အလားတူ အသက်နှင့်ခန္ဓာကို စွန့်လွှတ်၍သော်လည်းကောင်း၊ အပြင်းအထန် ဒဏ်ရာရရှိသည်အထိ နိုင်ငံအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံဝန်ထမ်းများလည်းရှိကြောင်း၊ အဆိုပါ ချီးမြှင့်သင့် ချီးမြှင့်ထိုက်သူများအား ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့တွင် အခမ်းအနားဖြင့် ပေးအပ်လို၍ ယနေ့အစည်းအဝေး ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ရန် မကျန်ရှိစေရေးအတွက် စိစစ်စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပေးအပ်မည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စပ်လျဉ်း၍ အလွှာလိုက်မကျန်ရှိစေရေး စီမံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က စိစစ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ဝင် တွဲဖက်စစ်ရေးချုပ်က တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်နိုင်ရေးကို ရှင်းလင်းတင်ပြ သည်။

ဖြည့်စွက်ဆွေးနွေး

ဆက်လက်၍ နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိသော(သို့မဟုတ်) သေဆုံး၊ ကျဆုံးသော ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများက ရှင်းလင်း ဆွေးနွေးတင်ပြကြရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ နာယကက ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

နိဂုံးချုပ်အမှာစကားပြောကြား

ထို့နောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်