Skip to main content

အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၃

ဘေးအန္တရာယ်ကျရောက်ပြီးနောက် ထိခိုက်သွားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်နှင့် ထိခိုက်သူများကို စိတ်ဓါတ်ပြန်လည် မြှင့်တင်ပေးရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သက်ဆိုင်ရာဝန်ကြီးဌာန(၁၀)ခုမှ ကော်မတီအဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီမှ ဆောင်ရွက်ရမည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်(၁၄)ရပ်ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ချမှတ်ပေးထားပြီး အဓိကအပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ပထမအပိုင်းတွင် ကြိုတင်ပြင်ဆင်ခြင်းအပိုင်းနှင့် ဒုတိယအပိုင်းတွင် ပြန်လည်ထူထောင်ရေးအပိုင်းဖြစ်ပါကြောင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှု အနည်းအများ အပေါ်အခြေခံပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်၍ ပြန်လည်ထူထောင်ရေးအပိုင်းမှာလည်း အစောပိုင်းကာလ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပိုင်းခြားသတ်မှတ်၍ ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။

ထို့ကဲ့သို့ ဆောင်ရွက်ရာတွင် အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်း များကို အလျင်အမြန် ပံ့ပိုးဆောင်ရွက်နိုင်ရန် အတွက် သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် နေရာများတွင်  ပုံမှန်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပြင် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ၊ ရင်းနှီးမတည်မှုနှင့် သွင်းအားစုပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုများကို အဓိကထား ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ယခင်ရရှိပြီးသားအတွေ့အကြုံများ အပေါ်အခြေခံပြီး ဘေးဒဏ်သင့်ပြည်သူများ၏ လိုအပ်ချက်များကို အချိန်နှင့် တပြေးညီဖြည့်ဆည်းပေးနိုင်မည့် ပိုမိုပြည့်စုံ ကောင်းမွန်သည့် နည်းလမ်းများ၊ အစီအစဉ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှသာ အချိန်တိုအတွင်း ထိရောက်အောင်မြင် စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးမှ အသက်မွေး ဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ဌာနအလိုက် တာဝန်ခွဲဝေဆောင်ရွက်မည့်အခြေအနေများ၊ ကော်မတီဝင် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ အလိုက်သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သော ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်ပေး နိုင်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်အသီးသီးမှ မိမိတို့နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများအလိုက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် သဘာဝဘေး အများဆုံး ကျရောက်နိုင်မှုနှင့် ထိခိုက်လွယ်မှု အများဆုံးနိုင်ငံများထဲတွင် ပါဝင်ခြင်းကြောင့် ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရေး၊ သဘာဝဘေးဒဏ်ခံနိုင်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်ပေါ်ရေး၊ သဘာဝဘေးဒဏ်ကို တုံ့ပြန် နိုင်စွမ်းအားကောင်းသော လူသားအရင်းအမြစ်များ ဖြစ်ပေါ်ရေးတို့အတွက် တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကော်မတီဝင် ဌာနများအားလုံးမှ အကောင်းဆုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှချမှတ်သည့် မူဝါဒများ လမ်းညွှန်ချက်များနှင့်အညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်ရန် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံး ကြိုတင်ပြင်ဆင်ပြီး စနစ်တကျ စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်