နေပြည်တော် မတ် ၂၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူး ၈၀ တို့ကို လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၁၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအမှတ် (၅၈) အစည်းအဝေး ခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို ကောင်းမွန်စွာ သိရှိနားလည်ပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန် နှင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန်ဌာနတွင်း မွမ်းမံသင်တန်းများကို (၁၄)ကြိမ် ဖွင့်လှစ်၍ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၅၇၆ ဦးကို လေ့ကျင့်သင်ကြားခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးပြီး စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ပိုမိုအားကောင်းပြီး ထိရောက်သည့် လူသားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရေးကို ဦးတည်၍ တိုးမြှင့်ခန့်ထားခဲ့သည့် အရာထမ်းများနှင့် အမှုထမ်းများကို လုပ်ငန်းခွင် မွမ်းမံသင်တန်းများ ပုံမှန်ဖွင့်လှစ် လေ့ကျင့်သင်ကြားရေးကို အဓိကပင်မလုပ်ငန်းတစ်ခုအဖြစ် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ယခုလို ပုံမှန်သင်တန်း ဆက်လက်ဖွင့်လှစ်ရန် လိုအပ်သလို လုပ်ငန်းခွင်တွင် အဓိကအရေးကြီး သည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ၊ လေရေ အရည်အသွေးတိုင်းတာခြင်း၊ Circular Economy၊ Green Economy တိုးမြှင့်ရေး၊ ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ၊ ရာသီ ဥတုပြောင်းလဲမှု ဆိုင်ရာ၊ ပထဝီနှင့် သတင်းအချက် အလက်ဆိုင်ရာ အထူးပြုဘာသာရပ်များကို ရက်တို သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန်နှင့် မြို့နယ်အဆင့်နှင့် ခရိုင်အဆင့် ပတ်ဝန်းကျင်အုပ်ချုပ်မှုစနစ် ပိုမိုအားကောင်း လာစေရန် မြို့နယ်မှူးနှင့် ခရိုင်မှူးမွမ်းမံသင်တန်းများ တိုးမြှင့်ဖွင့်လှစ်ရေးအစီအမံများရေး ဆွဲဆောင်ရွက်ရန် မှာကြားလိုကြောင်း။ နိဂုံးချုပ်အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို လိုက်နာပြီး စည်းကမ်းပြည့်ဝသည့် ဝန်ထမ်းကောင်းပီသစွာ ကျင့်ကြံနေထိုင်ကြရန်နှင့် အဂတိတရား ကင်းရှင်းစွာ ဖြင့် မှန်မှန်ကန်ကန် တာဝန်ကျေစွာ ထမ်းဆောင်သွားကြရန် မှာကြားသည်။ သတင်းစဉ်