မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအသိုက်အဝန်းအပေါ်လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဝါရှင်တန်မြို့ရှိ ဟိုလိုကော့စ်အထိမ်းအမှတ်ပြတိုက်၌ ထုတ်ပြန်ကြေညာပြော ကြားခဲ့ခြင်းအပေါ် မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချလိုက်သည်။
အမေရိကန်ပြည်သူလူထု ထက်ဝက်ကျော်က ဆက်လက်ထောက်ခံမှုမရှိတော့သော ပြည်တွင်း ထောက်ခံမှုကျဆင်းနေသည့် သမ္မတဦးဆောင်သော အစိုးရ၏ကမ္ဘာအရပ်ရပ်တွင် ဝင်ရောက် စွက်ဖက်မှုများအနက် မြန်မာ့အရေးဝင်ရောက် စွက်ဖက်မှုက နောက်ဆုံးတစ်ခုဖြစ်သည်။ ပကတိ အခြေအနေ မှန်များနှင့် ကင်းကွာနေခြင်း၊ မခိုင်လုံသောအရင်းအမြစ်များ၊ အတည်မပြုနိုင်သော အချက်အလက်များနှင့် မမှန်မကန်စွပ်စွဲချက်များကို ကိုးကား၍ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ချက်က မှန်ခြင်း၊ မမှန်ခြင်းသည် အဓိက မဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်ကသာ အဓိကဟု ဆိုရမည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အမေရိကန်၏ မမှန်မကန် လုပ်ကြံသတင်းတစ်ရပ်တွင် ရုရှားအစိုးရက တရုတ်နိုင်ငံထံမှ စစ်လက်နက်နှင့် ထောက်ပံ့ပစ္စည်းများ အကူအညီတောင်းခံကြောင်း ဖော်ပြခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၏ လုပ်ကြံသတင်းသာဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ ဤသည်မှာ မမှန်မကန်လုပ်ကြံသတင်းများကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အမေရိကန်တို့ ပြုလုပ် နေခြင်း၏ သာဓကများအနက်မှ တစ်ခုသာဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် မိမိတို့၏လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကာကွယ်ရေးတို့အတွက် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များကို ဖွဲ့စည်းထားကြပြီး ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ ကျင့်ဝတ်များဖြင့် စနစ်တကျ ထိန်းကွပ်ထားကြမြဲဖြစ်သည်။ သို့ရာတွင် တပ်ဖွဲ့ဝင်အရာရှိ၊ အကြပ်၊ စစ်သည်များမှာ လူသားများဖြစ်သည့်အလျောက် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း ချိုးဖောက်သူ၊ ပြစ်မှုကျူးလွန်သူများနှင့် အမှုအခင်းများရှိကြ သည်သာဖြစ်သည်။ ပြစ်မှုကျူးလွန်မှုများမှာ ၎င်းတို့တစ်ဦးချင်းစီ၏ ဥပဒေ ချိုးဖောက်မှုများသာဖြစ်ပြီး ပြစ်မှုထင်ရှားကျူးလွန်ကြောင်း ပေါ်ပေါက်ပါက ပြစ်မှုနှင့်ညီသည့် ပြစ်ဒဏ်ကို ဥပဒေနှင့်အညီ ချမှတ်ခံကြရမည်သာဖြစ်သည်။ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန်နိုင်ငံတကာစာချုပ်နှင့် ကုလသမဂ္ဂပဋိညာဉ်အောက်ရှိ အပြည်ပြည် ဆိုင်ရာတရားရုံး၏ စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်ပြီးတည်ဆဲ သက်ဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝ လေးစားလိုက်နာ လျက်ရှိသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုံးစေသည့် လုပ်ရပ်များ ကျူးလွန်မှု၊ လူတစ်စုနှင့်တစ်စုဖြစ်စေ၊ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ ဘာသာတစ်ခုနှင့်တစ်ခု ကိုးကွယ်သည့် လူမျိုးအလိုက်ဖြစ်စေ သတ်ဖြတ်မှု၊ ဖျက်ဆီးမှုတို့ မည်သည့် အခါကမျှမရှိခဲ့။ တပ်ဖွဲ့ဝင်အချို့၏ ပြစ်မှုကျူးလွန်မှုများကိုလည်း တပ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်ဖြင့် အရေးယူမှုများ ရှိနေသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ကြေညာချက်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဝင်ရောက်စွက်ဖက်ခြင်းသာဖြစ်သည်။ လူမျိုးတုံးသတ်ဖြတ်မှုနှင့်လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုသည့်ဝေါဟာရများက ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များပေါ်သို့ကြဲချခဲ့သည့် အဏုမြူဗုံးများ၊ ဗီယက်နမ်နိုင်ငံတွင် ရွာလုံးကျွတ်သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ရွာသူရွာသား သက်ကြီးရွယ်အို၊ အမျိုးသမီးများနှင့် ကလေးငယ်များ၊ အေးဂျင့်အာရိန်း ရွက်ကြွေဆေးကြောင့် ဘ၀တစ်သက်တာ လူစဉ်မမီဖြစ်နေရသည့် ဗီယက်နမ်ပြည်သူများ၊ နိုင်ငံ့လူဦးရေထက် ပိုများသည့် ဗုံးတန်ချိန်ပေါင်း သိန်းနှင့်ချီကြဲချခံခဲ့ရသည့် လာအိုပြည်သူများ စသည်တို့ကို အမှတ်ရဖွယ် ဝေါဟာရများသာ ဖြစ်ပါကြောင်း။