Skip to main content

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ကျောက်လက်ရိုက်တောစခန်း၌ တစ်ပါးတည်း သီတင်းသုံးနေသည့် သံဃာတစ်ပါးအား PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်

နေပြည်တော် မတ် ၂၂

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း များအား စိတ်နှလုံး ညှိုးနွမ်းဖွယ်ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ထိုသို့ပြုလုပ်လျက်ရှိရာ မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာတိုက်နယ်ဆေးရုံ၌ ဓားဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည့် သံဃာတစ်ပါး၏ ရုပ်အလောင်းရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဘဒ္ဒန္တ ပညာဇောတိက သက်တော်(၃၇)နှစ်၊ ဝါတော်(၁၇)ဝါအား ဝဲ/ယာ လက်ကောက်ဝတ်တို့ပြတ်ကာ ဦးခေါင်း၊ လည်ပင်းနှင့် ခါးတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် ပျံလွန်တော် မူနေသည်ကို တွေ့ရှိရသည်။ ဖြစ်စဉ်အားစုံစမ်းခဲ့ရာ ဆရာတော်သည် သပိတ်ကျင်းမြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာအနီး ဒေသအခေါ် ကျောက်လက်ရိုက်တောစခန်း၌ တစ်ပါးတည်း သီတင်းသုံး နေထိုင်ခြင်းဖြစ်ပြီး နံနက် ၇ နာရီခွဲခန့်တွင် ဆရာတော်သီတင်းသုံးနေထိုင်သည့် တောစခန်းသို့ PDF အမည်ခံအကြမ်းဖက် သမားများ ရောက်ရှိလာပြီး ဆရာတော်အား တဲအပြင်သို့ခေါ်ထုတ်ကာ ဓားများဖြင့် ရက်စက်စွာ ဝိုင်ဝန်းထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့ တောရကျောင်း၌ တစ်ပါးတည်း သီတင်းသုံးနေထိုင်သည့် သံဃာတော်အား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။