Skip to main content

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာနှင့် ခဝါချောင်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံဘောင်ဘေလီတံတားတစ်စီးအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော် မတ် ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာနှင့် ခဝါချောင်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံဘောင်ဘေလီတံတားတစ်စီးအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်း ကျေးရွာနှင့် ခဝါချောင်းကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ဆောက်ထားသည့် တံတားအရှည် ၃၂၄ ပေခန့်ရှိ သံဘောင်ဘေလီတံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတံတား၏ ခဝါချောင်းကျေးရွာဘက်မှ တံတားအရှည် ၆၀ ပေခန့် ကျိုးပဲ့ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၁၀ ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် ထိုကဲ့သို့ တံတားပျက်စီးခဲ့သော်လည်း ဒေသခံပြည်သူများအနေဖြင့် အဆိုပါတံတားရှောင်ကွင်းလမ်းအား ပြန်လည်အသုံးပြု၍ ဖြတ်သန်း သွားလာလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဒေသတွင်းလမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန်ရည်ရွယ်၍ စစ်တောင်းခဝါချောင်း သံဘောင်ဘေလီတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများ၏ ဒေသတွင်းလမ်းပန်း ဆက်သွယ်မှု ပြန်လည်ကောင်းမွန်စေရေးအတွက် ပျက်စီးသွားသည့် တံတားအား အမြန်ဆုံး ပြန်လည်ပြင်ဆင်သွားနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။