Skip to main content

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဝိဇ္ဇောတာရုံစာသင်တိုက် ဉီးစီးပဓာန မဟာနာယက ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု  အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက နိုင်ငံတော် ဩဝါဒါစရိယ သက်တော်(၉၃)နှစ် သိက္ခာဝါတော် (၇၃)ဝါ ဝိဇ္ဇောတာရုံဆရာတော် ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာ အခမ်းအနားကျင်းပ

 ရန်ကုန် မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဝိဇ္ဇောတာရုံစာသင်တိုက် ဦးစီးပဓာန မဟာနာယက ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက နိုင်ငံတော်ဩဝါဒါစရိယ သက်တော်(၉၃)နှစ် သိက္ခာ ဝါတော် (၇၃)ဝါ ဝိဇ္ဇောတာရုံဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါကျောင်းတိုက်ရှိ သီလဝိသောဓဏီ ဓမ္မသိင်္ဂီ သိမ်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများနှင့် သီတဂူဆေးရုံများ၏ အဓိပတိ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများ၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်သံဝေဂယူကြသည်။

ရှေးဦးစွာကြွရောက်လာကြသော ဆရာတော်ကြီးများက ''သဗ္ဗေ သင်္ခါရာ အနိစ္စာတိ" အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်သည်။

ဆက်လက်၍ ဒေါပုံမြို့ သာသနာ့အလင်းရောင်ကျောင်းတိုက် ပဓာနနာယက ရန်ကုန်တိုင်း ဝိနည်းပြန်ဌာန  အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ ပရိသတ်က ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ဝိဇ္ဇောတာရုံစာသင်တိုက် ဦးစီးပဓာန မဟာနာယက၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာနာယကဓမ္မသေနာပတိ ပန္နရသမ ရွှေကျင် သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု  အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက နိုင်ငံတော် ဩဝါဒါစရိယ သက်တော် (၉၃)နှစ် သိက္ခာဝါတော် (၇၃)ဝါရှိ ဝိဇ္ဇောတာရုံဆရာတော်ဘုရားကြီး၏ ဥ တုဇရုပ်ကလာပ်တော်အား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အဖွဲ့က စိန်ကတ္တီပါလွှမ်းခြုံပူဇော်ပေးကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်အဖွဲ့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက်ရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့ သာသနာ့ဝန်ဆောင်ကျောင်းတိုက် ပဓာနနာယက ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်)အကျိုးတော်ဆောင်၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒသိရီက ဝိဇ္ဇောတာရုံဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကထာကို ဖတ်ကြားလျှောက်ထား သည်။

ဆက်လက်၍ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ ရေးသားပူဇော် အပ်သော မဟာထေရဂုဏပူဇာ သံဝေဇနီယနှင့် ဥယျောဇနဂါထာတော်တို့ကို မတ္တရာမြို့ သာသနဇောတာရုံကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(အဖွဲ့ဝင်)၊ အဂ္ဂမဟာပဏ္ဍိ မတ္တရာဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသက ဖတ်ကြားပူဇော်သည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ပေးပို့အပ်သော သံဝေဂသဝဏ်လွှာကို  ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရက လည်းကောင်း၊ ရွှေကျင်ဂိုဏ်းဗဟိုဌာန၏ သံဝေဂိယကထာ ဝမ်းနည်းကြောင်းသဝဏ်လွှာကို မန္တလေးမြို့ အဝေရာရာမ ရန်ကင်းကျောင်းတိုက်၊ ပဓာနနာယက ရွှေကျင်ဂိုဏ်းအကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ အဝေရာ ရာမဆရာတော် ဘဒ္ဒန္တဩဒါတသိရီဘိဝံသက လည်းကောင်း  ဖတ်ကြားလျှောက်ထားကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် စိန်ရတနာဓမ္မာစရိယ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တသာသနဝရ(ဓမ္မာစရိယ၊ M.A) ရေးသားပူဇော်အပ်သော သံဝေဂ ဂီတိကာ ဂါထာများကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက် တိုက်အုပ်နာယက ရွှေနံ့သာ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာလင်္ကာရက ဖတ်ကြားပူဇော်သည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆက်ကပ်အပ်သော ဝမ်းနည်းကြောင်း သဝဏ်လွှာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဖတ်ကြား လျှောက်ထားကြသည်။

ဆက်လက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများနှင့် သီတဂူဆေးရုံများ၏ အဓိပတိ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌမဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ကြီး ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ပရိသတ်က သံဝေဂတရား နာကြားကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် ရန်ကုန်မြို့ ဝိဇ္ဇောတာရုံကျောင်းတိုက် တိုက်အုပ်နာယက အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တမေတ္တေယျက တပည့်သံဃာတော်များနှင့် ဒကာ၊ ဒကာမများ၏ တောင်းပန် ကန်တော့ခြင်းကို ဦးဆောင်၍ တိုင်ပေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက် တိုက်အုပ်နာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဉာဏိဿရက ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ် တော်အား ကရဝိတ်ဖောင်တော်ပေါ်သို့ ကြွရောက်တော်မူပါရန် အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားသည်။

ယင်းနောက် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ကရဝိက်ဖောင်တော်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြပြီး လောင်တိုက်တော်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘုမ္မိ ကွင်းသို့ ပင့်ဆောင်ကြသည်။

ထို့နောက် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ကရဝိက်ဖောင်တော်ပေါ်မှ အစီအစဉ်အတိုင်းပင့်ဆောင်၍ တပည့်သံဃာတော်များက လောင်တိုက်တော်ကို လက်ဝဲရစ် သုံးပတ်လှည့်လည် ပင့်ဆောင်ပူဇော်ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဒါရုံ ရွှေကျင်တိုက်သစ် တိုက်အုပ်နာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒွိပိဋကဓရ ပိဋကတ္တယပါရဂူ ဘဒ္ဒန္တသိရီကဉ္စနာဘိဝံသ က ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို အန္တိမအဂ္ဂိဈာပန မီးပူဇော်ခွင့်ပြုပါရန် တောင်းပန်လျှောက်ထားသည့် အဘိယာစန နိမန္တန ဂါထာတော်ကို ဖတ်ကြားလျှောက်ထားသည်။  

ယင်းနောက် တပည့်ကြီးသုံးပါးက စက်ခလုပ်နှိပ် မီးပူဇော်၍ တပည့်သံဃာတော်များက အနိစ္စာဝတ သင်္ခါရာ အစချီသော သုံးဂါထာကို ရွတ်ဆိုသံဝေဂပွားများကြပြီး တာဝန်ရှိသူများက အရိုးဓာတ်ပြာ များကို ကျောင်းတိုက်သို့ ခေတ္တ သီတင်းသုံးအပူဇော်ခံနိုင်ရန် ပင့်ဆောင်ကြသည်။ 

(သတင်းစဉ်)