နေပြည်တော် မတ် ၂၂
စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံ ဧက(၁ ဒသမ ၅) သန်း တိုးချဲ့စိုက်ပျိုးနိုင်ရန် လိုအပ်သော မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပြည်ပမှတင်သွင်းရန်နှင့် ပြည်တွင်း၌ ပွားများထုတ်လုပ်ရန် ကိစ္စရပ်များ၊ ခေတ်မီအဆင့်မြင့်ဆီစက်များ ဖွံ့ဖြိုးလာရေး ဆောင်ရွက်ပေးရန် လိုအပ်မှုများကိုလည်းကောင်း၊ တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ရန်ပုံငွေရရှိရေးဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်ရေးနှင့် ဆီစက်လုပ်ငန်းများတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး၊ ပုဂ္ဂလိကဆီစက်ပိုင်ရှင်များနှင့် တောင်သူများအကြား အကျိုးတူကန်ထရိုက် လယ်ယာစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဆိုင်ရာများကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမှ မျိုးစေ့ထုတ်တောင်သူများအား လှည့်ပတ် ရန်ပုံငွေ စနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး ၊ မျိုးစေ့ ထုတ် သမဝါယမအသင်းများ ထူထောင်ရေး ၊ ဆောင်းရာသီ နေကြာသီးနှံ စိုက်ပျိုးမှုတွင် ဆိုလာစနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်ရေးလုပ်ငန်းများကို စွမ်းအား ကောင်းစေရေးအတွက် ပြည်ပမှ တင်သွင်းသော နေကြာဆီ၊ စားအုန်းဆီ၊ ပဲပုပ်ဆီ၊ ဖွဲနုဆီ၊ ပြောင်းဆီ၊ ကနိုလာဆီ၊ ဆူးပန်းဆီတို့နှင့် ယှဉ်ပြိုင်နိုင်ရေး၊ ပြည်တွင်း စားသုံးဆီထုတ်လုပ်မှု လုပ်ငန်းများကို လိုအပ်သော ကူညီပံ့ပိုးမှုများ စီမံဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များကို လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းစားသုံးဆီလိုအပ်ချက်နှင့် စက်မှုကုန်ကြမ်းသုံးစွဲရန် စားအုံးဆီကို ပြည်ပမှ နှစ်စဉ် နို်ငငံခြားသုံးငွေ ဒေါ်လာသန်း(၈၀၀)ကျော်ခန့် ဝယ်ယူတင်သွင်းရလျက်ရှိရာ နိုင်ငံတကာ စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်ခဲ့သဖြင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် နိုင်ငံခြားသုံးငွေ ခြိုးခြံချွေတာနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ ပူးပေါင်းပါဝင်သော စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေး ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ ကော်မတီအနေဖြင့် ဆီထွက် သီးနှံများ အနက် တစ်ဧကချင်း၏ ဆီထွက်နှုန်းအများဆုံးဖြစ်သော နေကြာသီးနှံကို ၂၀၂၂-၂၀၂၃ ခုနှစ် မှစတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဧက(၁ ဒသမ ၅)သန်း အောင်မြင်စွာ တိုးချဲ့ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေမှုများအတွက် ဆွေးနွေးညှိနှိုင်းရန် ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)