နေပြည်တော် မတ် ၂၂
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃ ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် နီးကပ်လာပြီဖြစ်၍ စာမေးပွဲကာလအတွင်းလုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ကြစေလို ပါကြောင်း၊ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ်၊ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များ ကာကွယ်နိုင်ရေးကြိုတင် ပြင်ဆင်ဆောင်ရွက်ထား ကြစေလိုပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာသင်ခန်းတွင် စာဖြေသူ ကျောင်းသား ကျောင်းသူများ စိတ်ကျဉ်းကျပ်မှုနှင့် စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် စာဖြေခုံများကို ရှေ့နံရံ၊ ဘေးနံရံများနှင့် ထိကပ်မှုမရှိစေရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ စာမေးပွဲဖြေဆိုစဉ် ကာလအတွင်း အရေးပေါ်လိုအပ်ချက်များ ဖြစ်ပေါ်လာပါက ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်များထံ ဆက်သွယ်၍ အမြန်ဆုံးချက်ချင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ စာဖြေဌာနတိုင်းတွင် ပုံမှန်နေ မကောင်းသူနှင့် ကိုဗစ်ဖြစ်သူများတွေ့ရှိပါက ကျန်းမာရေးအတွက် အရေးပေါ်အသုံးပြုနိုင်ရန် အခန်းပို(၂)ခန်း ပြင်ဆင်ထားရှိရမည် ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုနိုင်ရေး အတွက် စာစစ်ဌာနများ၏ ပြင်ဆင်ထားမှုများကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးကြ စေလိုပါမည်ဖြစ်ပါကြောင်း။
လုံခြုံရေးအတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို သေချာစွာစိစစ်၍ အဝင်/အထွက် ခွင့်ပြုစေလိုပါကြောင်း၊ လုံခြုံရေးဝန်ထမ်းများ အပြည့်အဝထား ရှိကြရန် ဖြစ်ပါကြောင်း၊ ဧပြီ ၂၁ ရက် နေပြည်တော်တွင် ဖွင့်လှစ်မည့်မွမ်းမံသင်တန်းကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများအားလုံး တက်ရောက်ကြရ မည်ဖြစ်ပါကြောင်း၊ မေ ၂ ရက်မှ ၈ ရက်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖွင့်လှစ်မည့် ဆင့်ပွားမွမ်းမံသင်တန်းများကို မြိုနယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအားလုံး တက်ရောက်ကြရမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများ ကျန်းမာရေး ဂရုစိုက်ကြရန်နှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း အမှားအယွင်းမရှိဘဲ အောင်မြင်စွာပြီး မြောက်နိုင်ရေးအတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ပညာရေးမှူးနှင့် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ကြီးကြပ်ရေးမှူး ဆရာဆရာမများကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံကာ စာမေးပွဲကျင်းပနိုင်ရေး ပြင်ဆင်ထားရှိမှု၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကြိုတင် ပြင်ဆင်ထားရှိမှုနှင့် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ဆွေးနွေးပြောကြားကာလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)