နေပြည်တော် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်အားလျှော့ချ၍ ဓာတ်အားထိန်းညှိဖြန့်ဖြူး ပေးနေရသည့် အခြေအနေများနှင့်ပတ်သက်သော အစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းနိုင်ဦးက လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေမှုကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လျှပ်စစ်ဓာတ်အား ထိန်းညှိပို့လွှတ်နေမှုကို လည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူပေးနေမှု ကိုလည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု ကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လိုအပ်လျက်ရှိသော လျှပ်စစ် ဓာတ်အားကို တိုးတက်နိုင်သမျှ တိုးတက်ထုတ်လုပ် နိုင်ရန်အတွက် ဘီလူးချောင်း(လောပိတ) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ် ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ကို သယ်ယူနိုင်ရန် ဖျက်ဆီးခံထားရသည့် တာဝါတိုင် (၂၂)တိုင်ကို အမြန်ဆုံး ပြုပြင်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်ဖြူဒေသမှ ထွက်ရှိလာမည့် LNG to Power ထုတ်လုပ်မည့် စက်ရုံအား Gas to Power အဖြစ် ပြောင်းလဲကာ (၁၅၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၄င်းအပြင် တာပိန်ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား (၁၂၀) မဂ္ဂါဝပ်ခန့်ကိုလည်း အမြန်ဆုံးဝယ်ယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံပိုင်စက်ရုံများအဖြစ် တည်ဆောက်လျက်ရှိသော အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း(၂၈၀)မဂ္ဂါဝပ်၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်း(၅၁) မဂ္ဂါဝပ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း (၁၁၁) မဂ္ဂါဝပ်နှင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း(၁၅၂) မဂ္ဂါဝပ်တို့ကို သတ်မှတ်ကာလများအတိုင်း လျှပ်စစ်ဓာတ်အား ထွက်ရှိလာနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် ရရှိနေသော လျှပ်စစ်ဓာတ်အားများကိုလည်း လျော့နည်းပျောက်ဆုံးမှု မရှိစေရေး သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ တရားမဝင် ဓာတ်အားခိုးယူ သုံးစွဲနေမှုများကို တားဆီးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားကို ဝန်အားထိန်းညှိမောင်းနှင်ရာတွင် သုံးစွဲမှုပမာဏကို ဓာတ်အားစနစ်အတွင်း တည်ငြိမ်အောင် ဓာတ်အားထိန်းညှိ၍ မောင်းနှင်နေရသောကြောင့် အလှည့်ကျဓာတ်အားပေးရန် သတ်မှတ်ထားသည့် အချိန်အတွင်း ဓာတ်အားမပေးနိုင်ခြင်း၊ ဓာတ်အားပေးနေစဉ် တခါတရံ ဓာတ်အား ပြန်ပိတ်ရခြင်းများမှာ သက်မှတ်ဝန်အားထက်ပိုမိုလျှော့ချရခြင်းကြောင့် ဖြစ်ပါကြောင်း၊ ထိုသို့ဖြစ်ခြင်းများသည် အချိန်ပိုင်းအလိုက် ပေးဝေနေရသည့်အတွက် ဓာတ်အားအလှည့်ကျ ရရှိသည့်အချိန်တွင် မီးသုံးစွဲသူများက သုံးစွဲမှုအမျိုးမျိုးဖြင့် တစ်ပြိုင်တည်း ပိုမိုသုံးစွဲမှုများကြောင့် ဖြစ်ပါကြောင်း၊ ၄င်းအပြင် လက်ရှိ သုံးစွဲနေသော ရိုးရိုးမီးလုံးများသည် မီးသုံးစွဲမှုပမာဏများသဖြင့် ထက်ဝက်ခန့် ဝန်အားသုံးစွဲမှုသက်သာသော LED မီးလုံးများလဲလှယ်၍ တပ်ဆင်ခြင်းဖြင့် မီတာခ ကုန်ကျစရိတ် သက်သာသည့်အပြင် လျှပ်စစ်ဝန်အားများလည်း သက်သာမည်ဖြစ်သဖြင့် မီးသုံးစွဲသူပြည်သူများကို စည်းရုံးပြောဆို ပေးရန်လိုအပ်ပါကြောင်း၊ လျှပ်စစ်ဓာတ် အားသုံးစွဲသူများ အနေဖြင့်လည်း အိမ်ထောင်စုတစ်စုခြင်းအလိုက် လိုအပ်သော လျှပ်စစ်ဓာတ်အားကိုသာ ခြိုးခြံချွေတာ၍ မလိုအပ်သော လျှပ်စစ်မီးကိုပိတ်၍ သုံးစွဲခြင်းဖြင့် ကျန်သုံးစွဲလိုသူများကို တိုးချဲ့ဖြန့်ဝေ၍ ပေးနိုင်မည်ဖြစ်ပါသဖြင့် ခြိုးခြံ သုံးစွဲကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီးအနေဖြင့် မီးသုံး စွဲသူ ပြည်သူများ နားလည်အောင် မလိုအပ်သော မီးကိုပိတ်၍ သုံးစွဲတတ်စေရန် စည်းရုံး ပြောဆိုကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်အနေဖြင့် ဝိုင်းဝန်းကူညီ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်