ပဲခူး မတ် ၂၁
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ သဘာဝဘေးကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် online Zoom Meeting System ဖြင့် ကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရပ်ကွက်နှင့် ကျေးရွာများအတွင်း မိုးလေဝသ အခြေအနေ ကြိုတင်အသိပေးခြင်းများ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန်နှင့် Cyclone Shelter များ အသင့်အနေအထား ဖြစ်စေရန် ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာများ ကြိုတင်ဖြန့်ဝေထားရှိရန်၊ သဘာဝ ဘေးအန္တရာယ် တစ်စုံတစ်ရာကြုံတွေ့လာပါက စီမံချက်ပါအတိုင်း စုဖွဲ့ခြင်း၊ ကယ်ဆယ်ခြင်း၊ ဘေးကင်းလုံခြုံရာ ပို့ဆောင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများက ခရိုင်/ မြို့နယ်အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာများ ကြိုတင်ဖြန့်ဝေထားရှိမှု၊ ရေကြီးနစ်မြုပ်နိုင်သည့် ရပ်ကွက်/ကျေးရွာများအား ကြိုတင်စာရင်းပြုစုထားရန်၊ တာတမံများကြံ့ခိုင်ရေး ကြိုတင်စစ်ဆေးရန်၊ ကျန်းမာရေးစောင့်ရှောက်မှု စုဖွဲ့ထားရန်၊ စိုက်ဧကများ ပျက်စီးမှုရှိလာပါက မျိုးနှင့်သွင်းအားစု များ ထောက်ပံ့ပေးနိုင်ရေး ပြင်ဆင်ထားရန်နှင့် ပျက်စီးမှုစာရင်းဇယားများ မှန်ကန်မှုရှိစေရေး ပြင်ဆင်ထားရန်တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက ရာသီဥတုဖောက်ပြန်မှုကြောင့် အချိန်မရွေး သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သဖြင့် ခရိုင်/မြို့နယ်အလိုက် ဖွဲ့စည်း ပေးထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများ၏ လုပ်ငန်းစဉ်များအတိုင်း စုဖွဲ့မှုအားကောင်းကောင်းဖြင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တို့ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် စုဖွဲ့ပြင်ဆင်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ဖြန့်ဝေ ထားရှိမှုနှင့် ကယ်ဆယ်ရေးစခန်းများ ပြင်ဆင်ထားရှိမှုများကို လည်းကောင်းရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်