Skip to main content

ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင်ရထားလမ်းပိုင်းတွင် RBE ရထား မတ် ၂၄ ရက်တွင် ပြန်လည်ပြေးဆွဲမည်

နေပြည်တော် မတ် ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် ရထားလမ်းပိုင်း ၁၄ ဒသမ ၄၆ မိုင်ကို ခရီးသွားပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် RBE ရထား ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

အဆိုပါ ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် ရထားလမ်းပိုင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၀ ရက်မှစ၍ ရထားပြေးဆွဲခြင်း ယာယီရပ်နားခဲ့သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာခြင်းနှင့် ဒေသခံ ပြည်သူများ၏ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် RBE ရထား ပြန်လည်ပြေးဆွဲ ပေးသွားမည်ဖြစ်သည်။

ထိုသို့ပြန်လည်ပြေးဆွဲနိုင်ရန် RBE စက်ခေါင်းများ ကြံ့ခိုင်ရေးအတွက် စစ်ဆေးပြုပြင်ဆောင်ရွက်ခြင်း၊ ရထားလမ်းပိုင်း သံလမ်းတာပေါင် ရေတိုက်စားမှုပြုပြင်ထိန်းသိမ်းခြင်း၊ ရာသီဥတုဒဏ်ကြောင့် မြေသား တာပေါင်နိမ့်ဆင်းခဲ့သည့် ပေ ၄၀ အရှည် ဇာပူဂျာတံတားကို ဘေလီတံတားထိုး ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

သို့ဖြစ်၍ ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်းတွင် ပြည်တော်သာဘူတာမှ စတင်၍ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာ၊ ဒါးပိုင်ဘူတာ၊ ပူဂျာဘူတာ၊ မယ်ဇလီကုန်းဘူတာနှင့် ရေချမ်းပြင်ဘူတာများ၌ ဘူတာစဉ်များအလိုက် ရပ်တန့်ပေးသွားမည်ဖြစ်သည်။ ပြေးဆွဲရာတွင် ပြည်တော်သာဘူတာမှ နံနက် ၇ နာရီတွင်ထွက်ခွာ၍ ရေချမ်းပြင်ဘူတာသို့ နံနက် ၈ နာရီ တွင် ရောက်ရှိမည်ဖြစ်သည်။ ရေချမ်းပြင် ဘူတာမှ နံနက် ၁၀ နာရီတွင် ပြန်လည်ထွက်ခွာ၍ ပြည်တော်သာ ဘူတာသို့ နံနက် ၁၁ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး နေ့စဉ် အသွားအပြန် နှစ်ခေါက်ကို မတ် ၂၄ ရက်မှ စတင်၍ ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း ခရီးသွားမိဘပြည်သူများ သိရှိနိုင်ရေး ကြိုတင်အသိပေး ကြေညာထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။

သတင်းစဉ်