မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်၊ ရောဂါကပ်ဘေးအန္တရာယ်၊ အကြမ်းဖက်အဖျက်သမား အန္တရာယ် စသည့် ဘေးအန္တရာယ်အမျိုးမျိုးကို နိုင်ငံတော်အစိုးရ နှင့်အတူ ပြည်သူများ၏ ညီညွတ်သော ပူးပေါင်းလက်တွဲဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်ခဲ့ပါသည်။
ယခုအချိန်အခါတွင် မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းငယ်တစ်ခု ဦးတည်နေ ကြောင်း သိရသည်။ မတ်လ ၂၀ ရက်နေ့ ည ၉ နာရီခွဲတိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ ရှိသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားရာ မုန်တိုင်းလမ်းကြောင်းကျရောက်ရာ ဒေသများမှ ပြည်သူများ အနေဖြင့် ကြိုတင်ပြင်ဆင် အထူးသတိပြု နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် ယမန်နေ့ ည ၉ နာရီခွဲအချိန်က ကိုကိုးကျွန်း မြို့၏တောင်ဘက် ရေမိုင် ၁၉၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်ဘက် ရေမိုင် ၃၁၀ ခန့်မှာ အနီးဆုံးဖြစ်သော်လည်း မုန်တိုင်းတည်နေရာမှာ အိန္ဒိယနိုင်ငံ နီကိုးဘားကျွန်းအနီး ဖြစ်သည်။ မုန်တိုင်း၏သဘာဝမှာ အချိန်နှင့်တစ်ပြေးညီ ရွေ့လျားနေပြီး အချိန်ယူမှုကြာမြင့်သည်နှင့်အမျှ မုန်တိုင်းအရှိန်ပြင်းအား များလာသည်။ မုန်တိုင်းငယ်သည် အဆိုပါဒေသမှ မြောက်ဘက်သို့ရွေ့လျားလာပြီး ယမန်နေ့ညမှ နောက်နာရီ ၃၀ အတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သို့ရောက်ရှိလာမည်ဟု ခန့်မှန်းထားရာ ယနေ့အချိန်အခါတွင် မုန်တိုင်းသည် ခန့်မှန်းထားသည့်လမ်းကြောင်းအတိုင်း ဝင်ရောက်နေပြီ ဖြစ်သည်။
အဆိုပါမုန်တိုင်းသည် ယမန်နေ့ မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ နိုင်ငံ ကိုကိုးကျွန်းအနီး၌ လည်းကောင်း၊ မတ်လ ၂၂ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီး၌ လည်းကောင်း၊ မတ်လ၂၃ ရက်နေ့ မနက်ဖြန်နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးသို့ လည်းကောင်း ရောက်ရှိနိုင် သည်ဟု ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင် မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးရွာသွန်းမှုများရှိနေပြီး အချို့နေရာဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသမှ ခန့်မှန်းထားသည်။
ယခုအခါတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးအနေဖြင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးကို တက်ကြွစွာလုပ်ဆောင်လျက်ရှိသည်။ မုန်တိုင်းအန္တရာယ်ကာကွယ်ရေး သတိပေးနှိုးဆော်ပေးခြင်းများနှင့် မုန်တိုင်း ဝင်ရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ညီလက်ညီ အသင့်စုဖွဲ့ ပြင်ဆင်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ကျေးရွာအုပ်စုများအတွင်း နေထိုင်ကြသော သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မြစ်ကမ်းအနီး နေထိုင်ကြသူများနှင့် ရေလုပ်သားများ၊ ရေကြောင်းသွားလာ လုပ်ကိုင်နေကြသူများ၊ ရေလယ်ကောင်တွင် စိုက်ပျိုးလုပ်ကိုင်သူများ၊ သက်ကြီးဝါကြီးများအနီးတွင် နေထိုင်ကြသူများအနေဖြင့် ဘေးလွတ်ရာတွင် ပြောင်းရွှေ့နေထိုင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် ကြုံတွေ့လေ့ရှိသောနိုင်ငံ ဖြစ်သည်။ ၂၀၀၈ ခုနှစ်က အင်အားအလွန်ပြင်းသော နာဂစ်မုန်တိုင်းကြီးနှင့် ကြုံတွေ့ခဲ့ဖူးရာ အိုးအိမ်စည်းစိမ် ပိုင်ဆိုင်မှုများနှင့် လူနှင့် တိရစ္ဆာန်သတ္တဝါများ သိန်းနှင့်ချီကာ သေဆုံးခဲ့သည်။ နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံအတွက် သင်ခန်းစာ ယူစရာဖြစ်ပြီး သတင်းအချက်အလက်နှင့် ဆောင်ရွက်မှုများ နောက်ကျမှုကြောင့် ဆုံးရှုံးမှုများ များပြားခဲ့သည်။ မျက်မှောက်ကာလတွင် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုများ အနည်းဆုံးလျှော့ချနိုင်ရေး စနစ်တကျ ကြိုတင်ပြင်ဆင် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိသည်။
ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် ညီညွတ်မှုစွမ်းအားများ လိုအပ်နေကြောင်းကို ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအရ လက်တွေ့သိရှိခဲ့ရပြီး ယခုအခါ နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူများ အတူပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ကိုဗစ်-၁၉ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှား ဖြတ်သန်းနိုင်ခဲ့မှုများ၊ အောင်မြင် ဖြစ်ထွန်းမှုများကို ရရှိခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ ယခုအခါတွင် မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များနှင့် စတင်ကြုံတွေ့လာပြီဖြစ်ရာ အန္တရာယ်များကို ကျော်လွှားနိုင်ရန် နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။ ။
ကြေးမုံ အယ်ဒီတာ့အာဘော်