Skip to main content

အစိမ်းရောင်တံတိုင်းကြီးများကို ပြန်လည်ထူထောင်၊ ထိန်းသိမ်းကာကွယ်

ယခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့၏ဆောင်ပုဒ်မှာ “မျှတဆင်ခြင်ထုတ်သုံးလျှင် သစ်တောများတည်မြဲထာဝစဉ်” ဟူ၍ ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံ့ဧရိယာ၏ ၄၂ ရာခိုင်နှုန်းကျော်ကို သစ်တောများ ဖုံးလွှမ်းလျက်ရှိရာ တောင်ပေါ်ဒေသ၊ အပူပိုင်းဒေသ၊ ကမ်းရိုးတန်းဒေသများတွင် မတူကွဲပြားသော သစ်တောအမျိုးအစားများ ပေါက်ရောက်လျက်ရှိသည်။ သတိပြုရမည့်အချက်မှာ မြန်မာ့သစ်တောများသည် လူတို့၏ ပယောဂကြောင့် နှစ်စဉ်ပျက်စီးပြုန်းတီးမှုပမာဏ ကြီးမားစွာဖြင့် ဆုံးရှုံးနေခြင်းပင်ဖြစ်သည်။ ။

မြန်မာနိုင်ငံတွင် သစ်တောများ ပြုန်းတီးမှုလျှော့ချရေးနှင့် သစ်တောထိန်းသိမ်းရေးအတွက် သစ်ထုတ်လုပ်မှုများ ရပ်ဆိုင်းခြင်း၊ သစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ တောရိုင်းတိရစ္ဆာန် များ၏ နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း၊ အမြဲတမ်းသစ်တောများကို နိုင်ငံ့အကျယ်အဝန်း၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝနယ်မြေများကို နိုင်ငံ့အကျယ်အဝန်း၏ ၁၀ ရာခိုင်နှုန်းအထိ ဖွဲ့စည်းရန် ဆောင်ရွက်နေခြင်းတို့ ရှိနေသလို အခြားတစ်ဖက်တွင်လည်း ဥပဒေမဲ့သစ်ခိုးမှုများ၊ ထင်းမီးသွေးထုတ်ယူမှု၊ တောမီးရှို့မှုများ၊ သားငှက်တိရစ္ဆာန်များ ဖမ်းဆီးသတ်ဖြတ် မှောင်ခို ရောင်း ဝယ်မှုများလည်း များစွာရှိနေသည်။ သစ်တောများ ပျက်စီးပြုန်းတီးမှုတွင် ဒီရေတောများလည်းပါရှိရာ ၎င်းတို့၏ အရေးပါမှုကို ဒေသခံပြည်သူများအား အသိပညာပေးခြင်း၊ ဒီရေတောများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့တွင် ပါဝင်လာစေရန် စည်းရုံးဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားကြရန် လိုသည်။

မြန်မာနိုင်ငံသည် အာရှတွင် တတိယအကြီးဆုံး ဒီရေတော ဂေဟစနစ်ကြီးကို ပိုင်ဆိုင်ထားသော်လည်း ပျက်စီးပြုန်းတီးမှု နှုန်းအမြင့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေသည်။ ဒီရေတောများ သည် ပင်လယ်ဒီရေဝင်ရောက်ရာ ကမ်းဦးရေတိမ်ပိုင်း ကမ်းတက်မြေများတွင် ပေါက်ရောက်ပြီး အပင်များ၏ အမြစ်များက နုန်းမြေအတွင်း နက်ရှိုင်းစွာတိုးဝင်နေကာ လေရှူမြစ်များကလည်း ရွှံ့နွံများပေါ် ထိုးထွက်နေခြင်းကြောင့် ရေလှိုင်းဒဏ်၊ မုန်တိုင်းဒဏ်၊ ဆူနာမီဒဏ်နှင့် ကမ်းပြိုမှုတို့ကို ကာကွယ်ပေးနိုင် ကြသည်။ ထို့အပြင် ဒီရေတောများသည်ငါး၊ ပုစွန်၊ ကဏန်းစသည့်ရေသတ္တဝါ များ ခိုအောင်းရာ၊ ပေါက်ဖွားရာ နေရာများလည်းဖြစ်သည်။ လမု၊ ကနစို၊ ဓနိစသည့်အလေ့ကျပင်များ ပေါက်ရောက်နေသည့် အတွက် သာမန်အားဖြင့် တန်ဖိုးမရှိဟု ယူဆလေ့ရှိကြသော်လည်း ဂေဟစနစ်အတွက် လွန်စွာတန်ဖိုးကြီးလှသည်။ ဒီရေတောများ၏ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူမှုက အခြားသစ်တော အမျိုးအစားများထက် မြင့်မားပြီး သဘာဝပတ်ဝန်းကျင် အညစ်အကြေးများကိုပါ စုပ်ယူတားဆီးပေးနိုင်သည့် သဘာဝရေစစ်ကြီးများအဖြစ်လည်း တင်စားကြသည်။

ဒီရေတောများ ပျက်စီးပြုန်းတီးမှုများသည် ထင်း၊ မီးသွေးများ ထုတ်ယူခြင်း၊ ငါးပုစွန်ကန်များ တူးဖော်ခြင်း၊ ဆားလုပ်ငန်းအတွက် ဆားကွင်းများပြုလုပ်ခြင်း၊ လယ်ယာစိုက်ပျိုးမြေများ ဖော်ထုတ်ခြင်း၊ လူနေမြို့ရွာများတိုးချဲ့ခြင်း စသည်တို့ကြောင့်ဖြစ်ရာ အဖိုးတန်သစ်မာများ ထုတ်ယူနိုင်သည့် သစ်တောများနှင့် မတူဘဲ သစ်တောမြေများကို အခြားနည်းဖြင့် အသုံးချလိုမှုကြောင့် ပိုမို ပျက်စီးရသည်ဟု ယူဆစရာဖြစ်သည်။ ဒီရေတောများသည် လူသားတို့အတွက် သဘာဝဘေးအန္တရာယ်မှ အကောင်းဆုံး အကာအကွယ်ပေးနိုင်သည်ကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အတွေ့အကြုံအရ သိရှိခဲ့ပြီးဖြစ်ရာ မပျက်မစီးအောင်ထိန်းသိမ်းရေး၊ ပြန်လည်ထူထောင်ရေးတို့ကို သက်ဆိုင်ရာဌာနကသာမက၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများကပါ တက်ကြွစွာ ပါဝင်ကြရ မည်ဖြစ်သည်။

မိမိတို့နိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့်နိုင်ငံများတွင် ပါဝင်နေခြင်း ဖြစ်သည့်အတွက် မုန်တိုင်း၊ ဒီလှိုင်းနှင့် ဆူနာမီလှိုင်းတို့ ကဲ့သို့သော သဘာဝဘေး အန္တရာယ်များမှ ကာကွယ်နိုင်သည့် အစိမ်းရောင် တံတိုင်းကြီးများသဖွယ်ဖြစ်သော ဒီရေတောများကို ထိန်းသိမ်းကြရန်နှင့် ထူထောင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်