နေပြည်တော် မတ် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အထူးဖိတ်ကြားချက်အရ မတ် ၁၆ ရက်မှ ၁၈ ရက်အထိ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် လူ့အသိုက်အဝန်းနှင့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့် မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) သို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူး လိုက်ပါ၍ မတ် ၁၆ ရက် နံနက် ၁၁ နာရီတွင် စိန့်ပီတာစဘတ်မြို့ EXPO-FORUM ဝင်းသို့ ရောက်ရှိခဲ့ရာ ROSOBORONEXPORT မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ နံနက်ပိုင်းတွင် အဆိုပါပြပွဲ အစည်းအဝေးခန်းမ၌ ROSOBORONEXPORT ၏ အထူးကော်မရှင်တာဝန်ခံ (Director for Special Commissions) Mr. Yalcubov Evgenig (မစ္စတာ ယိမ်းဂဲနီယာဆူဘော့ဗ်)နှင့် အရာရှိကြီးများတွေ့ဆုံ၍ လူတစ်ဦးချင်း တစ်ယောက်ချင်းစီနှင့် လူ့အသိုက်အဝန်း၊ နိုင်ငံတော်အဆင့်အထိ လုံခြုံရေးဆိုင်ရာများကို နိုင်ငံတကာပြဌာန်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်သည့် နည်းပညာ အသုံးပြုမှုပုံစံများ၊ တီထွင်ထုတ်လုပ်ထားသည့် ပစ္စည်းများ၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနှင့် အုပ်စုဖွဲ့မှုခင်းများတိုက်ဖျက်ရေး၊ ကြိုတင်သတင်းရယူရေးဆိုင်ရာ နည်းပညာ အသုံးပြုမှုများအပြင် မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်သည်။ မွန်းလွဲပိုင်း တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာ အဆင့်မြင့် နည်းပညာပြပွဲတွင် ပြသထားသည့် နည်းပညာအသုံးပြုမှုနှင့် ပစ္စည်းများ ပြသထားမှုများကို လိုက်လံကြည့်ရှုလေ့လာ၍ သိလိုသည်များ မေးမြန်းသည်။ ထို့နောက် ပြပွဲခန်းမအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အဆင့်မြင့် လုံခြုံရေးစွမ်းရည်ပြသမှု၊ ခွေးများ လေ့ကျင့်ပေး၍ လုံခြုံရေးနှင့် မှုခင်းဆိုင်ရာများတွင် ရှာဖွေစစ်ဆေးမှုများ လက်တွေ့သရုပ် ပြသမှုကို ကြည့်ရှုလေ့လာခဲ့ကြသည်။
မတ် ၁၇ ရက် နံနက် ၁၀ နာရီတွင် စိန့်ပီတာစဘတ်မြို့၊ EXPO-FORUM ဝင်း အဆောက်အဦတွင် နိုင်ငံတကာအဆင့်မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ကြီး အယ်လ်ကီး စတက်ပင်နိုဗစ်ချ် ဘဇူဘီကော့ (National Guard Troops of the Russia Federation – Commander in Chief, Colonel General, Aleksey Stepanobich Bezzubikov)၊ စိန့်ပီတာစဘတ်မြို့တော်အုပ်ချုပ်ရေးမှူး Mr. ဘက်လော့ အလက်ဇန္ဒား ဒယ်မထရီဘက်ချ် (Governor of St.Petersburg, Mr. Beglov Alexander Dmitrievich)၊ မြို့တော်လူမှုဥပဒေရေးရာဥက္ကဋ္ဌ Mr. ဘယ်စကီး အလက်ဇန္ဒား နီကိုလဘက်ချ် (Chairman of the Legislative Assembly of St. Petersburg, Mr. Belsky Alexander Nikolaevich), EXPO-FORUM ညွှန်ကြားရေးမှူးချုပ်နှင့် LLC နည်းပညာပြပွဲများကျင်းပရေး အဖွဲ့ဥက္ကဋ္ဌ Mr. ဗိုရိုနော့ ဆာဂျီ ဂျော့ဂီဘက်ချ် (President of the Russian Union of Exhibition and Fairs, Mr. Voronkov Sergey Georgievich) တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတကာမှ နည်းပညာကျွမ်းကျင်သူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အမျိုးသားလုံခြုံရေး တပ်ဖွဲ့ ဒုတိယအကြီးအကဲ (National Guard Troops of the Russia Federation – Commander in Chief) Colonel General, Aleksey Stepanobich Bezzubikov ဦးဆောင်၍ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသော ဒေသဆိုင်ရာအကြီးအကဲများက ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အား လာရောက်တွေ့ဆုံနှုတ်ဆက်ကာ ပြပွဲကျင်းပမှုများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေး ပြောကြားသည်။
ယင်းနောက် စိန့်ပီတာစဘတ်မြို့၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် ပြည်ပပို့ကုန်နှင့် နိုင်ငံအသီးသီးမှ တင်သွင်းလာသော ကုန်ပစ္စည်းကွန်တိန်နာများအား နည်းပညာ အသုံးပြုစစ်ဆေးခြင်းများကို သွားရောက်လေ့လာရာ အဆိုပါဆိပ်ကမ်းရုံး၌ အကောက်ခွန်ဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် Mr. Starchak Sergey (မစ္စတာ ဆာဂျေးစတားချပ်စ်) က စစ်ဆေးမှုလုပ်ငန်းစဉ်များအား ရှင်လင်းတင်ပြပြီး မြေပြင်တွင် လက်တွေ့စစ်ဆေးဆောင်ရွက် နေမှုများကို လေ့လာကြည့်ရှုခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် LLC Special Technological Center သို့ ရောက်ရှိရာ LLC ဗဟိုဌာန၏ အုပ်ချုပ်မှုဒါရိုက်တာ Mr. Lvanov Roman (မစ္စတာ ရိုမန်အီဗာနော့ဗ်) ဦးဆောင်သောအဖွဲ့က ကြိုဆို၍ လုံခြုံရေး၊ ရှာဖွေစစ်ဆေးရေး၊ ဆိုက်ဘာ နည်းပညာဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ သီးခြားတွေ့ဆုံ ဆွေးနွေးသည်။ ထို့နောက် ကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာများက ဆိုက်ဘာလုံခြုံရေးနှင့် လျှင်မြန်စွာ စုံစမ်းစစ်ဆေးနိုင်ရေး တီထွင်ထုပ်လုပ်ထားမှုများနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် အသေးစိတ် ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်သည်။
မတ် ၁၈ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ်နှင့် JSC Center-Inform သို့ သွားရောက်ခဲ့ရာ အဆိုပါစင်တာခန်းမတွင် တာဝန်ရှိသူများက လုံခြုံရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အကြမ်းဖက်မှု၊ နယ်စပ်ဖြတ် ကျော်ဝင်ရောက်မှုနှင့် မှုခင်းပြဿနာများ ကြိုတင်ကာကွယ်ရေး တိုက်ဖျက်ရေးဆိုင်ရာများတွင် နည်းပညာအသုံးပြုမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်သည်။
စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် လူ့အသိုက်အဝန်းနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့် မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) သည် နိုင်ငံအသီးသီးတွင် ရင်ဆိုင်ဖြေရှင်းနေရသော အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့အပါအဝင် လူမှုအသိုက်အဝန်းများ၏ ပဋိပက္ခများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် နိုင်ငံအဆင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂကွန်ဗင်းရှင်းများနှင့်အညီ ဖြေရှင်းနိုင်ရေးအတွက် ခေတ်နှင့်အညီ တီထွင်ထုတ်လုပ်ထားသည့် နည်းပညာပစ္စည်း များနှင့်ပတ်သက်၍ ရှင်းလင်းပြသသည့် အစီအစဉ်တစ်ရပ် ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် လူ့အသိုက်အဝန်းနှင့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့် မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) သို့ တက်ရောက်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှ မတ် ၁၉ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မတ် ၂၀ ရက် ညပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်