Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုအပေါ် ညှိနှိုင်းပေါင်းစပ်ပေးခြင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၂၁

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) Online ပုံစံဖြင့် ပြုလုပ်သည့် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု များအပေါ် ညှိနှိုင်းပေါင်းစပ်ပေးခြင်း အစီအစဉ်တွင် တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ချိန်မှစ၍ မပြတ်စောင့်ကြပ်လျက်ရှိရာ လေတိုက်နှုန်းမှာ ပိုမိုအားကောင်းလာသည် ကိုတွေ့ပါကြောင်း၊ မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကို တားဆီး၍မရသော်လည်း လိုအပ်သော ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားခြင်းဖြင့် ထိခိုက်ပျက်စီးမှု အနည်းဆုံးဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီများ အနေဖြင့်လည်း အရေးပေါ်အစည်းအဝေးခေါ်ယူကာ ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်နေသည်ကို သိရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် ကြိုတင်ပြင်ဆင်မှုများအပြင် ပရဟိတလူမှုကူညီရေးအဖွဲ့များကိုလည်း ပူပေါင်းပါဝင်ကူညီနိုင်ရေး အသိပေးနှိုးဆော်ထား စေလိုပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန သိုလှောင်ရုံများတွင် ကယ်ဆယ်ရေး ပစ္စည်းများကို သိုလှောင်ထားရှိပြီး ဖြစ်သော်လည်း လိုအပ်လာနိုင်သည့် ဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ငါးသေတ္တာ၊ ရေသန့်နှင့် ရေသန့်စင် ဆေးပြားများ အလွယ်တကူ ရရှိနိုင်ရေး ကြိုတင်စီမံထားရမည်ဖြစ်ပါကြောင်း၊ လက်ရှိခန့်မှန်းချက်များအရ မုန်တိုင်းဝင်ရောက်လာနိုင်သော လမ်းကြောင်းများဖြစ်သည့် ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တောင်ပိုင်းတို့ရှိ သက်ရောက်မှုရှိနိုင်သော မြို့ရွာများရှိ အိမ်ထောင်စု၊ လူဦးရေစာရင်း ကိုပြုစု၍ အရေးပေါ်လိုအပ်ချက်များပံ့ပိုးပေးနိုင်ရေး၊ ကြိုတင်စီမံဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက သိုလှောင်ထားရှိသော ကယ်ဆယ်ရေပစ္စည်းများ ပျက်စီးမှုမရှိစေရေး ဂရုပြုစီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တာဝန်ခွဲဝေမှုများကို စနစ်တကျ စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပစ္စည်းများပို့ဆောင်မည့် လူ၊ ယာဉ်၊ ယန္တရားလိုအပ်ချက်များ ကြိုတင်ပြဆင်ထားရှိရန် လိုအပ်ပါကြောင်း မှာကြားသည်။

ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သက်ဆိုင်ရာ ရခိုင်ပြည်နယ်ဦးစီးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးတို့က မုန်တိုင်းငယ်နှင့် ပတ်သက်၍ ဒေသအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ စုပုံထားရှိမှု၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ ဒေသအာဏာပိုင်များ၊ သဘာဝ ဘေးစီမံခန့်ခွဲမှုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ထားမှုတို့ကို ရှင်းလင်းတင်ပြ၍ မုန်တိုင်းကြောင့် ပြည်သူများယာယီရွှေ့ပြောင်း ပါက ခိုလှုံရန်မုန်တိုင်းဒဏ်ခံ အဆောက်အဦများ အခြေအနေ၊ မုန်တိုင်းဒဏ်ခံ အဆောက်အဦများ မရှိသည့်ဒေသ၌ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများ အသုံးပြုနိုင်ရေး အရန်စီစဉ်ထားရှိမှုနှင့် လိုအပ်ပါက ရွက်ဖျင်တဲများ အသင့်ထောက်ပံ့နိုင်ရေး စီစဉ်ထားရှိမှု အခြေအနေအပါအဝင် စားရေရိက္ခာတို့အား ဒေသတွင်း သက်ဆိုင်ရာ ဆန်ကုန်သည် အသင်းကြီးများနှင့် ချိတ်ဆက်၍ ထောက်ပံ့နိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က လိုအပ်သည်များမှာကြားပြီး အဆိုပါလိုအပ်ချက်များအပေါ် ဖြည့်စွက် ပေးရမည့်အခြေအနေတို့အား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများနှင့် အသေးစိတ် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ အစည်းအဝေး၌ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန(EOC)မှ တာဝန်ရှိသူ တစ်ဦးက မုန်တိုင်းငယ်နှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ နောက်ဆုံးရရှိသည့် သတင်းအချက်အလက် များအား မျှဝေခဲ့ပြီး အခြားတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက မုန်တိုင်းငယ်အရှိန်ကြောင့် ၎င်းတို့ဒေသအတွင်း မိုးရွာသွန်းတို့ကို ရှင်းလင်းတင်ပြကြသည်။ အဆိုပါတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်လာနိုင်သည့် စက်သုံးဆီနှင့် သယ်ယူပို့ဆောင်ရေ ကုန်ကျစရိတ်များနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် အား အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi နှင့်အဖွဲ့က ယနေ့ညနေပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်နေသောစီမံကိန်း()ခု၏ ဆောင်ရွက်ပြီးစီးမှုနှင့် ညှိနှိုင်းဆဲ အခြေအနေများ၊ စတုတ္ထအကြိမ်မြောက် အဆင့်မြင့်အရာရှိများ ညှိနှိုင်းအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စ၊ သဘာဝဘေးသာမက ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် များတွင် အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအစီအစဉ် ကိစ္စရပ်များနှင့် ၂၀၂၁ ခုနှစ် ဧပြီလကကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ အထူးအစည်း အဝေးက ချမှတ်ခဲ့သော တူညီဆန္ဒ ()ချက်အနက် စတုတ္ထအချက်ဖြစ်သည့် မြန်မာနိုင်ငံသို့ အာဆီယံကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေးအတွက် အာဆီယံနှင့်ပူးပေါင်း၍ လိုအပ်ချက် ဆန်းစစ်ရေး လုပ်ငန်းများ၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် ရန်ပုံငွေစုစည်းမှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်