နေပြည်တော် မတ် ၂၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ အပြစ်မဲ့ပြည်သူများပိုင်ဆိုင်သည့် လူနေအိမ် ၃ လုံး၊ ဆိုင်ကယ် ၃ စီးနှင့် မော်တော်ယာဉ် ၁ စီးတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီခန့်အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာရှိ နေအိမ်အချို့အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်တို့သည် တူမီး သေနတ်၊ လက်နက်ငယ်နှင့် တုတ်၊ ဓားများကိုင်ဆောင်ကာ အော်ဟစ်ဆဲဆို၍ ကျေးရွာအတွင်း ဝင်ရောက်လာသဖြင့် ကျေးရွာအတွင်းရှိ ရွာသူ၊ ရွာသားများမှာ ၎င်းအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်ရန်ပြုမည့် ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရေး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။
ထိုသို့ ရွာသူ၊ ရွာသားများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိစဉ် အကြမ်းဖက် သမားများသည် အဆိုပါကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ဦးစိုးမြင့်(၅၁)နှစ် (ဘ)ဦးလှိုင်း၏ နေအိမ်ရှိ ဆိုင်ကယ် ၃ စီး၊ မော်တော်ယာဉ် ၁ စီး၊ ၎င်း၏ ညီဖြစ်သူ ဦးဖိုးချစ်(၄၅)နှစ်၏ ၂ ထပ် တိုက်နေအိမ် ၁ လုံး၊ ဆိုင်ခန်း ၁ ခန်းနှင့် ဒေါ်အိမ်စည်(ခ)မလွမ်းပို(၃၅)နှစ် (ဘ)ဦးတိုး၏ ၂ ထပ်တိုက်နေအိမ် ၁ လုံးတို့ မီးလောင်ကျွမ်းပျက်စီး ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြို့ရှောင်လမ်းတွင် ဖွင့်လှစ်ထားသည့် ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်အား ယနေ့နေ့လယ် ၂ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် လက်နက်ကိုင် အကြမ်းဖက်သမား ၅ ဦးက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲပြီး ဝန်ထမ်းများအား ရိုက်နှက်၍ ငွေကျပ်သိန်း ၁၅၀ ခန့်အား အတင်းအဓမ္မ လုယက်ယူဆောင်ကာ ဆိုင်ရှိ CCTV များနှင့် အခြားအဆောက်အဦများအား ရိုက်ခွဲဖျက်ဆီး ထွက်ပြေးသွားခဲ့ကြောင်းသိရှိရသည်။
ထိုသို့ အပြစ်မဲ့ပြည်သူများပိုင်ဆိုင်သည့် နေအိမ်အဆောက်အဦများ၊ မော်တော် ယာဉ်များအား အကြောင်းမဲ့ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည့် အကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင် များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။