Skip to main content

ပြည်‌ထောင်စုဝန်ကြီး ဦးခင်ရီ ကော့သောင်းမြို့ရှိ မြို့မတံတားနှင့် FOB ဆိပ်ကမ်းတို့ကို သွားရောက်ကြည့်ရှု   

နေပြည်တော် မတ် ၂၁

    

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ မတ် ၂၀ ရက် ညနေပိုင်းက ကော့သောင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်ဖြစ်သည့် မြို့မတံတားသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ ရေလမ်းခရီးဖြင့် တစ်ဖက်နိုင်ငံသို့ ဝင်၊ ထွက် သွားလာသည့် အဓိကနေရာ ဖြစ်သည်နှင့်အညီ မြို့မတံတား ကြံ့ခိုင်ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ယပ်ရေး၊ ဝင်၊ ထွက် သွားလာမှုများ စနစ်တကျဖြစ်စေရေးတို့အတွက် အမြဲမပြတ် စစ်ဆေးဆောင်ရွက်ကြရေး တာဝန်ရှိသူများကိုမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့မတံတားမှ ရေယာဉ်ဖြင့် ပါချန်မြစ်ကြောင်း တစ်လျှောက်ထွက်ခွာ၍ မြစ်ကမ်းခြေ၌ ငါးဖမ်းလှေများ ဆိုက်ကပ်ထားရှိမှု၊ တစ်ဖက်နိုင်ငံသို့ ငါးရောင်းဝယ်ရေး ဆောင်ရွက်ရန် သွားရောက်မည့် ငါးဖမ်းလှေများကို လူဝင်မှုစစ်ဆေးရေးလုပ်ငန်း အပါအဝင် ဌာနဆိုင်ရာများပူးပေါင်း၍ One Stop Service ဖြင့် ဆောင်ရွက်သည့် Free On Boat ( FOB ) တံတားဆိပ်ကမ်း အခြေအနေကို ရေယာဉ်ပေါ်မှလည်းကောင်း၊ သူဌေးကျွန်းဟိုတယ်ရှိ လူဝင်မှုစစ်ဆေးရေးဂိတ် ကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြကာ ငါးဖမ်းလှေများ ဝင်၊ ထွက်သွားလာမှု အဆင်ပြေစေရေးနှင့်  တရားမဝင်   ဝင်၊ ထွက်မှု မရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြရန်  တာဝန်ရှိသူများကို မှာကြားသည်။

      

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ယနေ့ နံနက် ၈ နာရီခွဲတွင် ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ     လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တိုင်းဒေသကြီး / ခရိုင်/ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက်အားသတ်မှတ်ကာလအတွင်း  လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းအတွက် ဝန်ထမ်းအားလုံးအား မှတ်တမ်းတင် အသိအမှတ်ပြု ဂုဏ်ပြုမှုနှင့် ယင်းလုပ်ငန်းစဉ်အား စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် နိုင်ငံခြားသား ထိန်းသိမ်းရေးလုပ်ငန်းများ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းများအားတက်ညီလက်ညီ  ကြိုးပမ်းဆောင်ရွက်ကြရေး အခြေအနေ၊ ဝန်ထမ်းတိုင်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်ပိုင်နိုင်ရေးနှင့် နည်းပညာကျွမ်းကျင်ရေးတို့ အတွက် ဆည်းပူးဆောင်ရွက်နိုင်ရေး အခြေအနေ၊ နိုင်ငံတော်အစိုးရ၏   လုပ်ငန်းဆောင်ရွက်မှုများအပေါ် မျက်ခြည်ပြတ်မခံဘဲ အစဉ်လေ့လာ ဆောင်ရွက်ကြရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

  

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌     ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့တွင် တာဝန်ထမ်းဆောင် နေကြသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများကို တွေ့ဆုံကာ ဧပြီ ၁၇ ရက်မှစ၍ သတ်မှတ်စည်းကမ်းများ အတိုင်း နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနဝန်ထမ်းများကလည်း နိုင်ငံခြားခရီးသွားများ၏ လူဝင်မှုစစ်ဆေးရေး လုပ်ငန်းများကို စနစ်တကျပြန်လည် ဆောင်ရွက်နိုင်ရေးအတွက ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်ပါကြောင်း၊  လူဝင်မှု ကြီးကြပ် ရေးဆိုင်ရာ ဝန်ထမ်းအင်အားအခြေအနေနှင့်   ကွန်ပျူတာစက်ကိရိယာများ ကြံ့ခိုင်ကောင်းမွန် ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့ကို ကြိုတင်မျှော်တွေးကာ    လိုအပ်သည်များ ဖြည့်ဆည်းစီစဉ်ဆောင်ရွက်ထားကြရမည်  ဖြစ်ကြောင်း။

ခရီးသည်များနှင့် ဆက်ဆံဆောင်ရွက်ရာတွင်လည်း ထိရောက်သော ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် ယဉ်ကျေးပျူငှာစွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် အမှာစကား ပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လေဆိပ်ထိန်းချုပ်ရေးစင်တာ (Airport Operation Control Centre) သို့ ရောက်ရှိရာ လုပ်ငန်းတာဝန်ခံက လေယာဉ်၀င်ထွက်မူထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေမူကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လာမည့် ဧပြီ ၁၇ ရက်မှစ၍ နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရာတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်