Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည်  မတ် (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက်ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတွင်ပါဝင်သော လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - ပုသိမ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက် ထားရှိမှုနှင့် ကျုံကနောင် (ပန်းတနော်) - ရွှေလောင်း - ဝါးခယ်မ  လမ်း (၂၁) မိုင်အား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကွန်ကရစ်ခင်းရာတွင် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရန်လိုကြောင်း၊ လမ်းဒီဇိုင်းအရ လိုအပ်သည့် နေရာများတွင် Box Culvert များ၊ တံတားငယ်များထည့်သွင်း တည်ဆောက်ပေးရန်လိုကြောင်း ၊ ကွန်ကရစ်ခင်းပြီးပါက လမ်းပုခုံးတစ်ပါတည်း ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး မိုင်တိုင်အမှတ် (၁၃ / ၀ နှင့် ၁၃ / ၁) ကြားတွင် စက်ယန္တရားဖြင့် ကွန်ကရစ်ခင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြ လမ်းပေါ်ရှိ ယခင်ကြိုးတံတားဟောင်း ပမ္မဝတီတံတား (မြင်းကဆိပ်) အား အရှည် ပေ (၁၂၆၀) ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသလို ကြံ့ခိုင်မှု အားနည်းသော ကြိုးတံတားများကိုလည်း ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ၏ နည်းပညာ ဒီဇိုင်းကို အသုံးပြု၍ ကွန်ကရစ်တံတားများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်သော လုပ်ငန်းများ အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်ရန်မှာကြားပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယခင် ပုသိမ်ကြိုးတံတားဟောင်း၏ ကြိုးထိန်း တာဝါတိုင် ကြံ့ခိုင်မှု၊ ကြိုးဆိုင်းများနှင့် ပင်မတံတားအပိုင်း ကြံ့ခိုင်မှုတို့ကို လိုက်လံ ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို တံတားထိန်းသိမ်းရေး အပိုင်းနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပုသိမ်မြို့၏ အထင်ကရဖြစ်သော ပုသိမ်တံတား သစ်ကြီးနှင့် ကမ်းနားလမ်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ် ၂၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ပါဝင်သော လမ်းအမှတ် (၁၀) ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်း ပြုပြင် ထိန်းသိမ်းထားရှိမှုနှင့် ကတ္တရာ ခင်းနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အဆိုပါလမ်းပေါ်ရှိ ကျွန်းပြဿဒ်တံတား အခြေအနေကိုလည်းကောင်း၊ စော်ကဲတံတား အခြေအနေနှင့် လမ်းအမှတ်(၁) မအူပင် - ရေလဲကလေး - ရွှေတောင်မှော် - ကျိုက်ပိ - မော်လမြိုင်ကျွန်းလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုကိုလည်းကောင်း၊ မအူပင်-ဆားမလောက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များ မှာကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်မြို့ ၊    မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာနလိုဏ်ဂူ သိမ်တော်ကြီး အကြီးစားပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက မဟာပါသာန လိုဏ်ဂူသိမ်တော်ကြီး မွမ်းမံပြင်ဆင်မှုလုပ်ငန်းများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ အပိုင်းလိုက် စနစ်တကျ ဆောင်ရွက်ရန်၊ မိမိတို့ ပြန်လည်ပြုပြင်မှု ဒီဇိုင်းပုံစံများကို မှတ်တမ်းထားရှိရန်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည့် အကြံဉာဏ်များပူးပေါင်း ဆောင်ရွက်ရန် မှာကြားပြီး မဟာပါသာနလိုဏ်ဂူ သိမ်တော်ကြီးအပြင်ပိုင်း ပြုပြင်မွမ်းမံနေမှုနှင့် အတွင်းပိုင်း ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူမျာအား လုပ်ငန်းလိုအပ်ချက်များ မှာကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)