နေပြည်တော် မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်ရှိ ပရိယတ္တိစာသင်တိုက်၌ ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ တိလောကဘိဝံသ ဆရာတော်ဘုရားကြီး သက်တော် (၈၃) နှစ် ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာနှင့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဂုဏဝိသိဋ္ဌ ပူဇော်ပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိမဟာနာယက ရွေကျင်ဂိုဏ်းလုံးဆိုင်ရာ ဥပအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်၊ မြစေတီ ရဲကျောင်းပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဝိနယ ပါဠိပါရဂူ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိမဟာနာယက ရွေကျင်ဂိုဏ်းလုံးဆိုင်ရာ ဥပအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက သီတဂူဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။
ထို့နောက် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ မဟာထေရ်မြတ်၏ ဂုဏဝိသိဋ္ဌ ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် တိုက်အုပ်နာယက ဆရာတော် ဘဒ္ဒန္တဇနိတာဘိဝံသက ကျေးဇူး တင်စကားမြွက်ကြားပြီး တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်