Skip to main content

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄)မှ ဗိုလ်လောင်း သင်တန်းသားများ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထင်ကရ နေရာများသို့ သွားရောက်လေ့လာ

နေပြည်တော် မတ်  ၂၀

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄)မှ ဗိုလ်လောင်းသင်တန်းသားများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် သူရဲကောင်းဗိမာန် (နေပြည်တော်)တို့သို့ ဒေသန္တရဗဟုသုတများ သွားရောက်လေ့လာခဲ့ကြသည်။

ဦးစွာလေ့လာရေးအဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ရောက်ရှိကြပြီး စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော် ကြည်ညို၍ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက် ရေးဥယျာဉ်(နေပြည်တော်)ရှိ ရတနာဆင်ဖြူတော်များအား ဆင်စာများကျွေးမွေးခဲ့ကြသည်။

ဆက်လက်ပြီး လေ့လာရေးအဖွဲ့က သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ ရောက်ရှိကြပြီး ကျဆုံးလေ ပြီးသော တပ်မတော်သားသူရဲကောင်းများအား ဂါရဝပြု အလေးပြုကြပြီး ဗိမာန်အတွင်း လှည့်လည် ကြည့်ရှုလေ့လာကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါလေ့လာရေးအဖွဲ့များသည် ယမန်နေ့ကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရန်ဆောင်ရွက်နေမှု အခြေအနေများ အား သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်