နေပြည်တော် မတ် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ရတနာပုံအပန်းဖြေဥယျာဉ် တည်ဆောက်မှုလုပ်ငန်းများကို ကြည့်ရှု၍ ပြည်သူများ အနားယူအပန်းဖြေနိုင်မည့် အစီအစဉ်များကို အကြံပြု ဆွေးနွေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက မန္တလေးမြို့၏ သမိုင်းအစဉ်အလာ ကြီးမားခဲ့မှုနှင့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရန် စီမံဆောင်ရွက်ထားမှုများ၊ ရတနာပုံ အပန်းဖြေဥယျာဉ် တည်ဆောက်ပြီးစီးမှုနှင့် ပြည်သူများ အပန်းဖြေအနားယူနိုင်မည့် အခြေအနေများ၊ ညပိုင်းတွင်၊ မန္တလေးတောင်တော် ရှုခင်းအလှ၊ ကျုံးရေပြင်နှင့် နန်းမြို့ရိုးအလှများကို ကြည့်ရှုခံစား နိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ဆောင်ရွက်နေသော လုပ်ငန်းများကို ပြည်သူများ သိမြင်ခံစားနိုင်ရန်အတွက် မီဒီယာနည်းလမ်းများဖြင့် အားဖြည့်ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မန္တလေးနန်းမြို့ရိုးနှင့် ကျုံးရေပြင်သည် မြန်မာလူမျိုးတိုင်းက တန်ဖိုးထားကြသည့် သမိုင်းအမွေအနှစ် များဖြစ်ကြောင်း၊ မိမိတို့မြန်မာ လူမျိုးများသည် အမျိုးဂုဏ်၊ ဇာတိဂုဏ် ကြီးမြင့်သူများဖြစ်သဖြင့် နောင်လာနောက်သားများကို သိမြင်ခံစား ထိန်းသိမ်းတတ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မန္တလေးနန်းမြို့ရိုးကြီးအနီးတွင် အပန်းဖြေဥယျာဉ်ကြီး တစ်ခုကို ဖန်တီးဖော် ဆောင်ပေးသည့်အတွက် မန္တလေးမြို့သူ၊ မြို့သားများအတွက်သာမက မြန်မာနိုင်ငံ အနှံ့အပြားမှ လာရောက်လည်ပတ်ကြသူများကပါ ဝမ်းမြောက်ဂုဏ်ယူနေကြမည်ဟု ယုံကြည်ပါ ကြောင်း၊ မန္တလေးမြို့သည် လမ်းပန်းဆက်သွယ်ရေး အရအရေးပါသည့် မြို့ကြီးတစ်မြို့ အဖြစ်သာမက ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလ သမိုင်းအမွေအနှစ်များ စုဝေးရာ နေရာဌာန ဖြစ်သည့်အတွက် မြန်မာလူမျိုးတိုင်း၏ အသည်းနှလုံးဟု ဆိုနိုင်မည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်အောင်မြင်စေရန် ဆန္ဒပြုအပ်ပါကြောင်း ပြောကြားပြီး ရတနာပုံ အပန်းဖြေ ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုသည်။
အဆိုပါ ရတနာပုံအပန်းဖြေ ဥယျာဉ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး မန္တလေးနန်းမြို့ ကျုံးအရှေ့ဘက်ခြမ်း ပြအိုး ၁၃ မှ ၂၅ အထိ၊ ကျုံးတောင်ဘက် ခြမ်း ပြအိုး ၁ မှ၁၃ အထိ ဧရိယာအတွင်း လျှောက်လမ်းများ၊ ပန်းခုံများ၊ ရာသီပန်းများ၊ မြေယာရှုခင်း အလှများ၊ အလှမီးတိုင်များဖြင့် တည်ဆောက်ထားပြီး ပြည်သူများ အနားယူအပန်းဖြေနိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပြည်ကြီးတံခွန် မြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ရေး၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရေးတို့နှင့် စပ်လျဉ်းပြီး ဆွေးနွေး ပြောကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
သတင်းစဉ်