နေပြည်တော် မတ် ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုင်းမောတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မိုင်းမောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
တာဝန်ကျေပွန်စွာထမ်းဆောင်
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်နှင့်အညီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် ချမှတ်၍ နိုင်ငံ တော်၏အကျိုးစီးပွားကို ဖော်ဆောင်ကြိုးပမ်းလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ တပ်မတော်သားများအနေဖြင့် နိုင်ငံ့အရေး အရာနှင့်ပတ်သက်၍ ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ နိုင်ငံကို ပျက်စီးစေလိုသော နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သူများအနေဖြင့် အလုံးစုံပျက်စီးရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး အစိုးရယန္တရား ရပ်တန့်စေရန် နိုင်ငံ့ဝန်ထမ်းများကို နည်းမျိုးစုံဖြင့် မြူဆွယ်ခြင်း၊ ခြိမ်းခြောက်ခြင်း တို့ဖြင့် CDM ပြုလုပ်စေကြောင်း၊ နိုင်ငံ့အပေါ် သစ္စာမဲ့စွာဖြင့် ဝန်ထမ်းအချို့ CDM ပြုလုပ်ခဲ့မှုကြောင့် လစ်လပ်ခဲ့ရသည့် ကျန်းမာရေး၊ ပို့ဆောင်ရေး အပါအဝင် လိုအပ်သည့် နေရာစုံ ကဏ္ဍစုံ များတွင် တိုင်းရင်းသားပြည်သူများ အဆင်ပြေစေရန် တပ်မတော်သားပညာရှင်များ အပါအဝင် သစ္စာရှိကြသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် ဝင်ရောက်ဖြည့်ဆည်း ဆောင်ရွက်ခဲ့ရကြောင်း၊ ကိုဗစ် - ၁၉ တတိယလှိုင်း ကူးစက်မြန် Delta မျိုးကွဲ ပြင်းထန်စွာ ကူးစက် သည့်ကာလအတွင်း အခက်အခဲအကြပ်အတည်း မျိုးစုံကို ပြည်သူလူထု၊ သစ္စာရှိ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့များ၏ စုပေါင်းအင်အားဖြင့် အောင်မြင်စွာ ဖြတ်ကျော်ခဲ့ ကြောင်း၊ ဆက်လက်၍လည်း စည်းလုံးညီညွတ်မှုဖြင့် အခက်အခဲများနှင့် စိန်ခေါ်မှု များကို အောင်မြင်စွာ ဖြတ်ကျော်သွားမည်ဖြစ်ကြောင်း။
ကျစ်လျစ်ခိုင်မာသောစည်းလုံးမှု
ထို့ပြင် ဆူပူဆန္ဒပြခြင်း၊ CDM ပြုလုပ်စေခြင်းတို့ဖြင့် အောင်မြင်မှုမရသဖြင့် လက်နက်ဖြင့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ချောင်းမြောင်း ပစ်ခတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ပြုလုပ်လာခဲ့ကြောင်း၊ နောက်ဆုံးအဆင့်အဖြစ် တပ်မတော်ကို ဖြိုခွဲရန် ဦးတည်ကြိုးပမ်းလာခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ခံမှုမရှိသည့် လူမှုကွန်ရက်များကို အသုံးချ၍ သတင်းတု၊ သတင်းမှားများ ဖန်တီးထုတ်လွှင့်ခြင်းများ ပြုလုပ်လာကြောင်း၊ သို့ရာတွင် တပ်မတော် အနေဖြင့် ရေပက်မဝင်သည့် ကျစ်လစ်ခိုင်မာသော စည်းလုံးမှုဖြင့် ရပ်တည်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် တပ်မတော်ပြိုကွဲရေးကို စဉ်ဆက်မပြတ် ဆက်လက်လုပ် ဆောင်နေမည်ဖြစ် သဖြင့် တပ်မတော်သားများ နှင့် မိသားစုဝင်များအနေဖြင့် ရှိပြီးသော စိတ်ဓာတ်ခိုင်မာသည့် စည်းလုံး ညီညွတ်မှုဖြင့် ကာကွယ်တားဆီးရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်ရန် အထက်အောက် အပြန် အလှန်လေးစားမှု၊ အုပ်ချုပ်ရေး ညီညွတ်မျှတမှုရှိရန်လိုအပ်ပြီး စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ရန် လိုကြောင်း၊ အလားတူ အမိန့်နာခံတတ်မှုနှင့် စစ်သည်တော်တိုင်း ကျင့် ကြံလိုက်နာရမည့် ကျင့်ဝတ် အပါး ၆၀ တို့ကိုလည်း စောင့်ထိန်းလိုက်နာရန်လိုကြောင်း၊ တပ်မတော်သားများ နိုင်ငံ့တာဝန်ကို စိတ်လက်ချမ်းသာစွာဖြင့် ကျေပွန်စွာ ထမ်း ဆောင်နိုင်ရန် ပါရမီဖြည့်ဖက်များ ဖြစ်သည့် ဇနီး၊ ရဲမေ များ၏ အခန်းကဏ္ဍသည် လည်းအရေးကြီးကြောင်း၊ တပ်မတော်သားနှင့် မိသားစုဝင်များ၏ ဘဝလုံခြုံမှုရှိရေးအတွက် တပ်မှူးများသည် အမြဲတမ်း တွေးခေါ်ကြံဆဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ တပ်မတော်သားနှင့် မိသားစုဝင်များ၏ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ သွားလာရေးများကို ပေးအပ်ထားသည့် အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်အတွင်းမှ စေတနာတရား ကိုယ်ချင်း စာတရားများဖြင့် အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ လစာ၊ ရိက္ခာ မှအစ တစ်ဦးချင်း၏ ရပိုင်ခွင့်များကို အချိန်မီနှင့် ပြည့်ဝစွာ ရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံ့တာဝန်များကို စိတ်လက်ချမ်းသာစွာဖြင့် နောက်ဆံမတင်းဘဲ ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ကိုယ်ရောစိတ်ပါ ကျန်းမာရေး ကောင်းမွန်နေရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်စေရန် နေထိုင်စားသောက်မှုပုံစံအား ကျန်းမာရေးနှင့် ညီညွတ်သည့် ဘဝနေထိုင်မှုပုံစံနှင့် နေထိုင်နိုင်ရေး ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပေး သွားရန်လိုကြောင်း ပြောကြားသည်။
၎င်းနောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများ၏ တင်ပြချက်များကို တစ်ဦးချင်းမေးမြန်း၍ လိုအပ်သည်များကို ချက်ခြင်းညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က မိုင်းမောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးက အားကစားပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီးဒေါ်သန်းသန်းနွယ်က တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်