နေပြည်တော် မတ် ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် တို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြည်သူများကို သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး၊ ဆေးရုံရှိ ပါရဂူ၊ ဆေးမှူးနှင့် သူနာပြုများကို သီးခြားစီတွေ့ဆုံအမှာစကားပြောကြား သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ အား ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါအခြေအနေများ မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
အကျယ်တဝင့်ဆွေးနွေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဆေးရုံခန်းမအတွင်း၌ ပါရဂူ၊ ဆေးမှူးများနှင့် သူနာပြုများကို သီးခြားစီတွေ့ဆုံ၍ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင်ကွဲပြားမှုများရှိသည် ဖြစ်သော် လည်း တပ်မတော်သားများဖြစ်၍ တူညီသောဦးတည်ချက်များဖြင့် နိုင်ငံ့အရေးကို ထမ်းဆောင်နေမှုများ၊ တပ်မတော်သားများဖြစ်သည်နှင့်အညီ စိတ်ဓာတ်၊ စည်းကမ်း၊ အမိန့်နာခံမှုတို့ဖြင့် မိမိတို့တတ်ကျွမ်း သည့် ဆေးပညာဖြင့် အကျိုးပြုနေမှုများ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် တပ်မတော်သည် ၂၄ နာရီအသင့်ရှိနေသည့် အခြေအနေများ၊ အထက်မှပေးအပ်သည့် တာဝန်ကို နေရာဒေသမ ရွေး၊ အချိန်အခါမရွေး တိုင်းရင်းသား ဒေသခံပြည်သူများအပေါ် ဆေးကုသမှု ပေးနေသည့် အခြေအနေများ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းအရေးပေါ်ကာလအတွင်း ကျန်းမာရေးဝန်ထမ်းအချို့ CDM ပြုလုပ်မှုကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခက်အခဲဖြစ်ပေါ်နေချိန်၌ တပ်မတော်သားဆရာဝန်၊ သူနာပြုများက ပူးပေါင်းပါဝင်ကာ စောင့်ရှောက် ကုသပေးခဲ့ရမှုများ၊ ကိုဗစ်-၁၉ တတိယလှိုင်း ကာလတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပြင် ကာကွယ်ဆေးထိုးနှံ မှုများတွင်လည်း အားဖြည့် ဆောင်ရွက်ခဲ့မှုများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များသာမက တိုင်းရင်းသားပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရရှိပြီးဖြစ်၍ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်သည့်အခြေအနေများ၊ ကျန်းမာရေး ဆောင်ရွက်မှုလုပ်ငန်းအပြင် တပ်မတော်သား များဖြစ်၍ အဖွဲ့အစည်းအနေဖြင့် လည်းကောင်း၊ အထက်အောက် ဆက်ဆံရေး Chain of Command အနေဖြင့် လည်းကောင်း၊ အဆင့်လိုက် တာဝန်ရှိသူများကလည်း မိမိလက်အောက် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များ၏ ဦး၊ ရေး၊ ထောက်ဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များကိုလည်း အဆင်ပြေချောမွေ့စေရေး ဆောင်ရွက် ပေးရန် လိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နှလုံးသွေးကြောစမ်းသပ်ကုသခန်းနှင့် နှလုံးအထူးကြပ်မတ်ကုသဆောင်တို့သို့ သွားရောက်၍ နှလုံးသွေးကြောရောဂါ စမ်းသပ် ကုသစက် (Angiogram) အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များသည် သားဖွားနှင့်မီးယပ်ဆောင်သို့ သွားရောက်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
ချီးမြှင့်ငွေများပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဆေးရုံတွင်တာဝန်ထမ်း ဆောင်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ဆေးရုံတပ်မှူးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)