Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး သူဌေးရေအားလျှပ်စစ် စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၀

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်းအတွင်းဝန် ဦးသန်းနိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂)မိုင် ခန့်အကွာ သူဌေးချောင်း ပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ အမှတ်(၄) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ် စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သူဌေးရေအားလျှပ်စစ် စီမံကိန်းသို့ စီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် အဓိကကျသည့် ကဏ္ဍမှ ပါဝင်နေသဖြင့် နိုင်ငံတော်စီမံကိန်းများနှင့် ပြည်သူလူထု၏ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကို ပြည့်စုံလုံလောက်စေရန် ကြိုးစားလျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် စွမ်းအင်အရင်းအမြစ်မျိုးစုံကို အခြေခံ၍ ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိအချိန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်း၍ ပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် စည်းရုံးပြောဆိုကြရန် လိုအပ်ပါကြောင်း၊ ဓာတ်အားရောင်းချမှုမှ ရရှိသည့် ဓာတ်အားခဝင်ငွေများအပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများကို စနစ်တကျ အသုံးပြုစေရေးနှင့် လေလွင့်ဆုံးရှုံးမှု မရှိစေရေး ဂရုစိုက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးရရှိ သုံးစွဲနိုင်စေရေးအတွက် စီမံကိန်းအား ဆောလျင်စွာ ပြီးစီးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန်နှင့် စီမံကိန်းပြီးစီးပါကလည်း ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိပြီး ဒေသအခြေခံ ခရီးသွားလုပ်ငန်းများကို အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသဖြင့် မိမိတို့ဝန်ထမ်းများအနေဖြင့် သတ်မှတ်ရက် သတ်မှတ်ကာလအတွင်း အရည်အသွေးများ ပြည့်ဝစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တမံဝဲဘက်ကမ်းရှုရပ်မှနေ၍ စီမံကိန်း ဧရိယာအတွင်း ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေယူအဆောက်အဦ ဆောက်လုပ်နေမှု၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေမှု၊ သိုလှောင်ရုံဝင်းအတွင်း စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်မှု၊ လျှပ်စစ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပင်မတမံရေဝပ်ဧရိယာအတွင်း ကျရောက်သော ပုရစ်ကျေးရွာနှင့် ရေကောက်ကျေးရွာများ ရွှေ့ပြောင်းနိုင်ရေး ပြန်လည်နေရာချထားသည့် မြေနေရာအား အသေးစိတ် ကြည့်ရှု၍ ဒေသခံရွှေ့ပြောင်း မိသားစုများကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးနှင့် တည်ဆောက်ပြီးဖြစ်သော ကျေးရွာများ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ သူဌေးရေအားလျှပ်စစ် စီမံကိန်းသည် သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး စက်တပ်ဆင်အင်အား (၃၇)မဂ္ဂါဝပ် ဓာတ်အားပေးစက် (၃) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၁၁၁)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်