နေပြည်တော် မတ် ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုပ္ဗသိရီမြို့ ဆင်ဖြူရှင်ရပ်ကွက်၊ အေးမေတ္တာစံ (တောင်နီလေး) ကျောင်းတိုက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု(ဒုတိယအဆင့်) အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ရောက်ရှိပြီး ကျောင်းတိုက် ဆရာတော်အား ဖူးမျှော်ကြည်ညိုကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စေတနာ့ဝန်ထမ်း ပရဟိတ အဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားသော ဂေဟာရိပ်သာများကို ဝန်ကြီးဌာနက ထောက်ပံ့ပေးနေမှု၊ ပူးပေါင်း ဆောင်ရွက်နေမှု၊ ပရဟိတဂေဟာရိပ်သာများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရေးဆွဲထား ရှိသော လုပ်ငန်းလမ်းညွှန်များအတိုင်း အသိအမှတ်ပြုခြင်း၊ နည်းစနစ်တကျရှိစေရေး အနိမ့်ဆုံးရှိရမည့် စံချိန်စံညွှန်းသတ်မှတ် ချက်များနှင့်အညီ ဖြစ်စေရေး၊ အသိပညာပေးခြင်း၊ ကြပ်မတ်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းလျှောက်ထားခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂေဟာမှတာဝန်ရှိသူများကို ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရရှိခံစားနိုင်စေရေး နှင့် ၎င်းတို့၏ အသက်အရွယ်အလိုက် ကိုယ်ခန္ဓာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေရေး၊ အသိပညာနှင့် အတတ်ပညာများ သင်ကြားတက်မြောက်စေရေးအတွက် ဆောင်ရွက်ပေးစေလိုသည့်အချက်များ တိုက်တွန်းမှာ ကြားခဲ့ပြီး ကလေးသူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနူတ်ဆက်အားပေး စကားပြောကြားကာ ကလေးသူငယ်များ၏စာသင်ဆောင်၊ အိပ်ဆောင် များကို လိုက်လံကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်၍ ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲလာမှုအခြေအနေများ၊ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းအနီးမှ ဖြတ်ကျော်ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းသို့ မုန်တိုင်းငယ်အဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်မှုများနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနက စောင့်ကြည့်လေ့လာပြီး အချိန်နှင့်တစ်ပြေးညီ သတင်း အချက်အလက်များ စုစည်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန ခေတ္တတာဝန်ခံ ဌာနကြီးမှူး ဦးဝင်းထိန်ကျော်က ယခုဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် နှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ အပါအဝင် နိုင်ငံတကာမိုးလေဝသ Website များက လေ့လာတွေ့ရှိချက်များအရ မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေ၊ မိုးရရှိမှုအခြေအနေ၊ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ချိန်မှစ၍ လက်ရှိမုန်တိုင်းငယ် ဖြစ်ပေါ်လာချိန်အထိ EOC အနေဖြင့် အချိန်မပြတ် စောင့်ကြည့်လေ့လာပြီး မှတ်တမ်းများ စနစ်တကျ ထား ရှိကာ အဆင့်ဆင့် သော ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့် သတင်းဆက်သွယ်မှုများ ရယူကာကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းထားရှိပြီး ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မုန်တိုင်းငယ်၏ နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲလာမှု အခြေအနေပေါ်လိုက်၍ ဖြစ်ပေါ်လာနိုင်သည့် နေရာဒေသအလိုက် ရာသီဥတုအခြေအနေများနှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များကို ပြည်သူများအနေဖြင့် အချိန်နှင့် တစ်ပြေးညီသိရှိပြီး ကြိုတင်ပြင်ဆင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နာရီစဉ်အလိုက် ပြောင်းလဲမှုများ ရှိနိုင်သည်ကို သတိပြုရမှာဖြစ်ပြီး မပြတ်စောင့်ကြည့် ကာ ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်းနှင့် မုန်တိုင်းငယ်အခြေအနေနှင့်ပတ်သက်၍ ထူးခြားလာပါက အဆင့်ဆင့်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုအဖွဲ့များအနေဖြင့် ရေးဆွဲထားရှိသော စီမံချက်များအတိုင်း အရေးပေါ်ဆက်သွယ်နိုင်မည့် နည်းလမ်းများ ကြိုတင်ပြင်ဆင်သတ် မှတ်ကာစုရပ်နေရာ များ ပြင်ဆင်နိုင်ရေးနှင့် ထောက်ပံ့ရေးပစ္စည်း စုပုံပြင်ဆင်ကာ ဖြန့်ခွဲထောက်ပံ့ နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ယခုမုန်တိုင်းငယ်၏ ပြောင်းလဲဖြစ်ပေါ်မှုများကို အချိန်နှင့်အမျှ သတင်း ပေးပို့နိုင်ရန် ဆောင်ရွက်စေလိုပါကြောင်း၊ မုန်တိုင်းလမ်းကြောင်းနှင့် အနီးဝန်းကျင်ဒေသများရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးများတွင် ကယ်ဆယ်ရေးပစ္စည်များ၊ အထောက် အကူပြုပစ္စည်းများ အသင့်ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ပါကြောင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန၏ နေ့/ညတာဝန်ကျဝန်ထမ်းများ အနေဖြင့်လည်း အမြဲမပြတ် စောင့်ကြည့်သတင်းပို့စေရေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)