နေပြည်တော် မတ် ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲကို မတ် ၁၉ ရက် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် နောက်ဆုံးအချက်အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဓိကကျသည့် စီမံချက်တစ်ခုဖြစ်ပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရသည့် နိုင်ငံတော်စီမံချက်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ်ကာလအတွင်း၊ သတ်မှတ်အရေအတွက်အတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ယင်းစီမံချက်ကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၃ ရက်ထိ (၁၈)လတာ ကာလအတွင်း ပြီးစီးရန် အရေအတွက် လျာထားသတ်မှတ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရန် (၁၁၅၈၉၇)ဦး လျာထားသတ်မှတ်ခဲ့ရာ ယခုအခါ တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ယင်းလုပ်ငန်းစီမံချက်သည် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်ရသော်လည်း ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုရှိမှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် မန္တလေးတိုင်းဒေသကြီးတို့သည် ပန်းခင်းစီမံချက်ဖြင့် တိုင်းလုံးကျွတ် လျာထားချက်ကို သတ်မှတ်ကာလအတွင်း ဆောလျင်စွာ ပြီးစီးခဲ့ပါကြောင်း၊ ယခု တနင်္သာရီတိုင်းဒေသကြီးသည် (၅)ခုမြောက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရာသီဥတု၊ ကျွန်းများပေါများပြီး သွားရေး လာရေး လမ်းပန်းခက်ခဲမှုများကြားမှ ယခုကဲ့သို့ တိုင်းလုံးကျွတ် ဆောင်ရွက်နိုင်ခြင်းအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသူအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါကြောင်း။
နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းစဉ်သည် ယခုလျာထားချက် ပြည့်မီပြီးစီးသော်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရမည်ဖြစ်သဖြင့် အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် မိမိတို့ဌာန ဝန်ထမ်းများအနေဖြင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်း မှတ်ရာများကို စနစ်တကျ ဖြည့်သွင်းဆောင်ရွက် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်မှု၊ လုပ်ငန်းလိုအပ်ချက်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှု အခြေအနေနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ပြည့်မီပြီးစီး အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး ဦးစီးမှူး ဦးယဉ်ထွေးကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးမှ ဝန်ထမ်းများအား တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တရားဝင်ထုတ်ပေးထားသည့် နိုင်ငံသားကတ် (မှတ်ပုံတင်)ကို လာမည့် ဧပြီ ၁ ရက် နံနက် (၆)နာရီမှ စတင်၍ ပြသစစ်ဆေးခံနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်မှု၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည့် e–ID စနစ် လုပ်ငန်းအကောင်အထည် ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေ၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများမှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပန်းခင်းစီမံချက်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ အထောက်အထား စာရွက်စာတမ်းများ၊ e-ID စနစ် ရှေ့ပြေးဆောင်ရွက်သည့် ကိုယ်ရေးအချက်အလက် ဖြည့်သွင်းမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရိုင် (၃)ခု၊ မြို့နယ် (၁၀)မြို့နယ်၊ ရပ်ကွက် (၉၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇၀)အုပ်စု၊ ကျေးရွာပေါင်း (၁၁၈၄)ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၅၈၉၇)ကတ် ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၄၀၃၉၈)ကတ် ထုတ်ပေးနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၁၂၁ ဒသမ ၁၄) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သဖြင့် လျာထားချက်ကို ရာနှုန်းပြည့် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်