Skip to main content

(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းဖွင့်ပွဲနှင့် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မော်လမြိုင် မတ် ၁၉

၂၀၂၂ ခုနှစ် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် ဒေါက်တာ ဗညားအောင်မိုးနှင့် မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ တိုင်းရင်းသား လူမျိုးများရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဂုဏ်ဆောင်ဆုရရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့၀င် ဒေါက်တာဗညားအောင်မိုးနှင့် မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်စီးပွားရေးရာ၀န်ကြီး နိုင်လယိတမ၊ ပြည်နယ်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးခင်မောင်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ခင်းကျင်းပြသ ထားသော ပြခန်း (၅၃) ခန်းကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဆက်လက်ကျင်းပရာ သဘာပတိ အဖွဲ့ဝင်များအဖြစ် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်စီးပွားရေးရာ၀န်ကြီး နိုင်လယိတမ၊ ပြည်နယ်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးခင်မောင်ဦးနှင့် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်တို့က ဆောင်ရွက်ကြပြီး၊ တက်ရောက်လာသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် ဒေါက်တာဗညားအောင်မိုးက ဖတ်ကြားသည်။

ထို့နောက် မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် ဝန်ကြီးများတို့က(၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင် ထူးချွန်သူများဖြစ်သည့်   စီးပွားရေး ထူးချွန်ဆု၊ စက်မှုလက်မှု ထူးချွန်ဆု၊ မွေးမြူရေး ထူးချွန်ဆု၊ စိုက်ပျိုးရေး ထူးချွန်ဆု၊ စီမံခန့်ခွဲရေး ထူးချွန်ဆု၊ ၀န်ဆောင်မှု ထူးချွန်ဆု၊ ပညာရေးနှင့် မကျန်းမာရေးထူးချွန်ဆု၊ လူမှုရေး ထူးချွန်ဆု၊ သဘာ၀ ပတ်၀န်းကျင်ထူးချွန်ဆု၊ သုတေသနလုပ်ငန်း ထူးချွန်ဆု၊ လုံခြုံရေး အေးချမ်းသာယာရေး နှင့်ဥပဒေစိုးမိုးရေး ထူးချွန်ဆုရရှိသူ စုစုပေါင်း (၅၁) ဦးကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြည်နယ်အတွင်းရှိ ကျေးရွာများ မီးလင်းရေးလုပ်ငန်းတွင် အသုံးပြုရန်ဆိုလာ  အစုံ (၁၀၀) ကို ပေးအပ်ရာ ပြည်နယ်၀န်ကြီးချုပ်က လက်ခံရယူသည်။

ဆက်လက်၍ မုဒုံမြို့နယ် မွန်ယဉ်ကျေးမှုအဖွဲ့က မွန်တို့ အားမာန် (မွန်ဘာသာ) တေးသီချင်းဖြင့် လည်းကောင်း၊ ကျိုက်မရော မြို့နယ် ကရင်ယဉ်ကျေးမှုအဖွဲ့က စုပေါင်းညီညာအောင်ကြောင်းဖြာ (ကရင်ဘာသာ) တေးသီချင်းဖြင့်လည်းကောင်း၊ ပေါင်မြို့နယ် ပအိုဝ်းယဉ်ကျေးမှုအဖွဲ့က ယဉ်ကျေးမှုကိုထိန်းသိမ်းပါ (ပအိုဝ်းဘာသာ) တေးသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက် ကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအက အဖွဲ့များကို တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

မွန်ပြည်နယ်သည် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှုရှိရေး၊ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းများ၊ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)