Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓာတ်အားပေးစက်ရုံစီမံကိန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၉

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ လက်ရှိ ဓာတ်အားထုတ်လုပ် မောင်းနှင်လျက်ရှိသော V Power Group Holdings Limited ၏ ကျောက်ဖြူ ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံနှင့် CNTIC Vpower KY-3 Limited ၏ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံများ၊ လာမည့်နှစ်အတွင်း ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Kyauk Phyu Electric Power Company Limited ၏ ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားထုတ်လုပ်မှုနှင့် စီမံကိန်း ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ထိုသို့ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် ကျောက်ဖြူဒေသမှရရှိသော ရွှေဓာတ်ငွေ့ခွဲတမ်းကို တစ်ရက်လျှင် ကုဗပေသန်း ၂၀  အသုံးပြု၍ ယခင်က ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အား ပေးစက်ရုံ (၂) ရုံဖြင့် ၉၀ မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်ခဲ့ပါကြောင်း၊ ထိုသို့ထုတ်လုပ်စဉ် အဆိုပါစက်ရုံများသည်  ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့သော်လည်း ၂၀၂၂ ခုနှစ်၌ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားပမာဏကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ၄၅ မဂ္ဂါဝပ် စက်ရုံ (၁)ရုံကို သက်တမ်းတိုးပြီး ဆက်လက်ဓာတ်အားထုတ်လုပ်မောင်းနှင်ခဲ့ပါကြောင်း၊ ထို့ပြင် ကျောက်ဖြူဒေသ၌ ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံ (၁)ရုံ ကို ဆက်လက်အကောင်ထည် ဖော်ဆောင်ရွက်ခဲ့သော်လည်း LNG ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေသည့်အတွက် ရရှိထားသည့် ရွှေဓာတ်ငွေ့ကို တစ်ရက်လျှင် ကုဗပေ သန်း ၃၀ ပိုမိုရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဓာတ်အားထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် (၁၅၀) မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပါကြောင်း။

လက်ရှိကျောက်ဖြူဒေသတွင် ဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့် ပိုက်လိုင်းအခြေခံ အဆောက်အဦများ၏ အနေအထားအရ ရွှေဓာတ်ငွေ့ ကုဗပေ သန်း ၂၀ သာ ထုတ်ယူသုံးစွဲနိုင်သောကြောင့် တစ်ရက်လျှင် ရွှေဓာတ်ငွေ့သန်း ၅၀ အထိ တိုးတက် ရယူသုံးစွဲနိုင်ရန် ပိုက်လိုင်းအခြေခံအဆောက်အဦများကို တိုးချဲ့ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နေစဉ်ကာလအတွင်း သက်တမ်းကုန်ဆုံးသွားသည့် ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံမှ အသုံးပြုခဲ့သော ရွှေဓာတ်ငွေ့ တစ်ရက် ကုဗပေ ၁၀ သန်းကို စက်စွမ်းရည် ပိုမိုကောင်းမွန်သည့် ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်အစား သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ပြောင်းလဲ ထောက်ပံ့၍ ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်ကာ ၅၀ မဂ္ဂါဝပ်ကို တိုးမြှင့်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့ပါကြောင်း။

ထိုဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့် ပိုက်လိုင်းအခြေခံ အဆောက်အဦ တိုးချဲ့ပြင်ဆင်ခြင်း လုပ်ငန်းများသည်လည်း မေလတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကာ ဆောင်ရွက်ပြီးစီးချိန်မှစတင်၍ ၁၅၀ မဂ္ဂါဝပ်အထိ  တစ်ရက်လျှင် ရွှေဓာတ်ငွေ့ ကုဗပေ သန်း ၃၀ ကို အသုံးပြုပြီး ဓာတ်အားတိုးမြှင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် နွေရာသီအမီရွှေဓာတ်ငွေ့ကို အသုံးပြုပြီး စုစုပေါင်း ၁၉၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ကိုလည်း ဆောလျင်စွာပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသဖြင့် စီမံကိန်းများကို သတ်မှတ်ရက်များအတိုင်း ပြီးစီး နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ပြည်သူများ လိုအပ်လျက်ရှိသော လျှပ်စစ် ဓာတ်အားကို တတ်နိုင်သမျှ ပြည့်မှီစွာထုတ်လုပ်ပေးနိုင်ရေးအတွက် အမှတ် ၄ ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)နှင့် အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) တို့တွင် နှစ်စဉ်ပုံမှန်ဆောင်ရွက်နေကျ ဖြစ်သော ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို  ယခင်က နှစ်စဉ်ဧပြီလများတွင် ပုံမှန်ပြုလုပ်ခဲ့သော်လည်း ယခုသတ်မှတ်ချိန် ထက်စော၍ ဆောင်ရွက်စေကာ အဆိုပါစက်ရုံများသို့ ထောက်ပံ့ပေးထားသော ကုန်းတွင်း သဘာဝဓာတ်ငွေ့ကို ရွာမဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များသို့ ပြောင်းလဲ ထောက်ပံ့ကာ လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ်ကို ထုတ်လုပ်လျက်ရှိသည်။ သို့ပါ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် ‌နွေရာသီအမီ ရွှေဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၉၅ မဂ္ဂါဝပ်နှင့် ကုန်းတွင်းဓာတ်ငွေ့ အသုံးပြု၍ ဓာတ်အား ၃၀ မဂ္ဂါဝပ်တို့ကို တိုးတက်ထုတ်လုပ်နိုင်သဖြင့် စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်နိုင်သည်။

ထို့အပြင် တာပိန်(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား (၁၂၀) မဂ္ဂါဝပ်ခန့်ကိုလည်း ဝယ်ယူရေးညှိနှိုင်းလျက်ရှိပြီး နိုင်ငံတော်ဓာတ်အားစနစ် သို့ချိတ်ဆက်၍ ဓာတ်အား ပိုမိုထုတ်လွှတ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက် ရှိသည့်အပြင် ဘီလူးချောင်းစက်ရုံများမှ နွေရာသီကာလထွက်ရှိမည့် ဓာတ်အား (၁၇၀) မဂ္ဂါဝပ် ခန့်ကိုလည်း ဓာတ်အားစနစ်မှ တဆင့် ဖြန့်ဖြူးနိုင်ရန် ဖောက်ခွဲဖျက်ဆီးခံထားရသော တာဝါတိုင် (၁၉)တိုင် ခန့်ကို ပြုပြင်နိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဓာတ်အားလိုအပ်ချက် ပမာဏကို မပြည့်မီနိုင်သော်လည်း ယခုထက်ပိုမို၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)