မော်လမြိုင် မတ် ၁၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို မတ် ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားများသည် မိမိတို့၏ စကား၊ စာပေနှင့်ယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်စေရန်လည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ် ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒို့တာဝန်အရေး(၃)ပါးကို လက်ကိုင်ထား၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးပါဝင်သည့် ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် မိမိတို့ဝန်ကြီးဌာနသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်ပါ လူမှုရေးဦးတည်ချက်တွင် ပါဝင်သော “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသော ဦးတည်ချက်ကို တိုင်းရင်းသားများအားလုံး လက်တွဲ ညီညီဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းရင်းသားဒေသများတွင် ဆောင်ရွက်ပေးနေသည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ တိုင်းရင်းသား မျိုးနွယ်စုအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား အငြင်းပွားမှုများ ပေါက်ပေါက်ပါ က ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများထံ တာဝန်ခွဲဝေ အပ်နှင်းခဲ့ပြီး ဖြစ်ပါသဖြင့် တိုင်းရင်းသားအရေးကိစ္စများနှင့် ပတ်သက်၍ တိုင်းရင်းသားရေးရာ ဝန်ကြီးထံ တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ တိုင်းရင်းသားအရေးကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရက ဖြေရှင်းပေးရသည့် ကိစ္စရပ်များ ရှိသကဲ့သို့ ပြည်ထောင်စုအဆင့်က ဖြေရှင်းပေးရသည့်ကိစ္စများလည်း ရှိသဖြင့် တိုင်းရင်းသားအရေးကိစ္စများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေး မှူးရုံးသည် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ အားလုံးနှင့်သက်ဆိုင်ပါကြောင်း၊ တိုင်းရင်းသားများ ဆုံစည်းရာနေရာအဖြစ် ဆွေးနွေးပွဲများဖြစ်စေ၊ နေ့ထူးနေ့မြတ်အခမ်းအနားပွဲများဖြစ်စေ၊ ရုံးသို့လွတ်လပ်စွာလာရောက် ကျင်းပနိုင်ပါကြောင်း၊ တိုင်းရင်းသားများ၏ အရေးကိစ္စများကို လာရောက်ဆွေးနွေးတင်ပြနိုင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား အရေးကိစ္စများဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားအရေးကိစ္စများနှင့် ၎င်းတို့ကြုံတွေ့ရသည့် အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)