Skip to main content

ပဲခူးတိုင်းဒေကြီး၊ တောင်ငူခရိုင် ၊ ဖြူးမြို့နယ် ၊ ဖြူး - အုတ်ဖြတ် - မုန်းလမ်းပေါ်ရှိ အရှည် ပေ (၆၂၀) စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်) ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁၉

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၀) မှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူး - အုတ်ဖြတ် - မုန်းလမ်းပေါ်ရှိ အရှည် ပေ (၆၂၀)၊ စစ်တောင်းမြစ်ကူးတံတား (အုန်ဖြတ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ Jeng Phang နော်တောင်၊ ဦးရွှေကြိမ်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးရွှေလေး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ ပုဂ္ဂိုလ်များ၊ တိုင်း / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရပ်မိ / ရပ်ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် Jeng Phang နော်တောင်က မြန်မာနိုင်ငံသည် တိုင်းရင်းသား (၁၃၅)မျိုးနှင့် စုစည်းညီညွတ်စွာနေထိုင်ကြသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် တိုင်းရင်းသား ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများ လူတန်းစေ့နေထိုင် နိုင်စေရန် အခြေခံအဆောက်အဦများ ဖြစ်သည့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ပါဝင်သော လမ်း၊ တံတားများ ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်၍ လုံခြုံချောမွေ့မှသာ တိုင်းရင်းသားပြည်သူများ အပြန်အလှန် ကူးလူးဆက်သွယ် သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများ ရရှိစေမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည့်အတွက် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆောင်ရွက်ခြင်းသည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရများပင်ဖြစ်ပါကြောင်း၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်ဖြစ်ပါကြောင်း။

ပြည်ထောင်စုကြီးအတွင်း၌ ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံး အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာရေးအတွက် ဦးစားပေးဆောင်ရွက်နိုင်ရန် ပထဝီနှင့် သဘာဝအတားအဆီးဖြစ်သည့် နေရာများတွင် တံတားများတည်ဆောက်ခြင်း၊ လမ်းများကိုလည်း ရာသီမရွေး သွားလာနိုင်အောင်ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင် ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မြို့ပြဒေသများသာမက ဝေးလံခေါင်းပါးသည့် ဒေသများပါမကျန် အချိုး ညီညီ ဖွံ့ဖြိုးတိုးတက်စေရးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများသုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် အရည်အသွေး ကောင်းမွန်ရေး၊ ဒေသအတွက်အကျိုးဖြစ်ထွန်းမှု ရှိ / မရှိ ထောက်ပြဝေဖန်ပေးနိုင်ကြရန်နှင့် တည့်မတ်ပေးရန် တာဝန်ရှိသူများနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြုဆောင်ရွက်သောစီမံကိန်းများသည် ဒေသအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများဖြစ်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက အမှာစကား ပြောကြားသည်။

ယင်းနောက်ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးက စစ်တောင်းတံတား (အုတ်ဖြတ်) ဖွင့်လှစ်ပေးသည့်အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါကြောင်းနှင့် တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ဝိုင်းဝန်ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စစ်တောင်းတံတား (အုတ်ဖြတ်)အား ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး ကျော်ထွဋ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ စစ်တောင်းတံတား (အုတ်ဖြတ်) ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်းတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရေများ ပတ်ဖျန်းပေးပြီး  တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

စစ်တောင်းတံတား (အုတ်ဖြတ်)သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူး - အုတ်ဖြတ် - မုန်းလမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည် ပေ (၆၂၀)၊ နှစ်လမ်းမောင်း သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သည်။ တံတား၏ Foundation အပိုင်းကို Bored Pile Foundation ဖြင့်တည်ဆောက်ထားပြီး Super Structure အပိုင်းကို ကြိုတင်အားဖြည့် သံကူကွန်ကရစ်ယက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားပြီး တံတား၏ခံနိုင်ဝန်မှာ တန် (၆၀) ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်