နေပြည်တော် မတ် ၁၉
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်ဧည့်ဂေဟာနှင့် ဟိုတယ်များသို့ သွားရောက်ကာ နေပြည်တော်ဟိုတယ်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်၊ ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ တာဝန်ခံများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များကို ကိုဗစ်-၁၉ ရောဂါ ပြည်ဝင်ခွင့်လိုအပ်ချက်များနှင့်အညီ လာမည့် ဧပြီ (၁၇) ရက်မှ စတင်၍ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်မည့်အတွက် ခရီးသွားဧည့်သည်များ လာရောက် တော့မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိက ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များကို လုံခြုံစိတ်ချ၍ ကောင်းမွန်သော ဝန်ဆောင်မှုများပေးရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် နေပြည်တော်သည် ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လိုသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည့်အတွက် ခရီးသည်များ တည်းခိုနေထိုင်ရာ ဟိုတယ်များအနေဖြင့် မိမိတို့ဟိုတယ်များ သန့်ရှင်းသာယာလှပရေး၊ လုံခြုံစိတ်ချရသော ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် နိုင်ငံအဆင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ (National-HSP Certificate) လျှောက်ထား ရရှိရေးအတွက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လုံခြုံရေး၊ ကျန်းမာရေးနှင့်ပတ်သက်သော ညွှန်ကြားချက်များကို အလေးထား လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ နိုင်ငံတော်ဧည့်ဂေဟာနှင့် ဟိုတယ်များ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်