Skip to main content

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ကျေးရွာငါးရွာ စုပေါင်းရေပေးရေး ဖွင့်ပွဲကျင်းပ

နေပြည်တော်  မတ် ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး သင်တန်းဆင်း သင်တန်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်လိုပါက လိုအပ်သည့် ငွေကြေးအရင်းအနှီးအား သမဝါယမအသင်းပုံစံ၊ အစုအဖွဲ့ပုံစံဖြင့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးရန်နှင့် ရက်ကန်းပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်မှာကြားကာ ကလောမြို့နယ်၊ မြောက်မြေခြားကျေးရွာနှင့် တောင်ပတ်ကျေးရွာ ကျေးရွာနှစ်ရွာ စုပေါင်းရေပေးရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ အင်းပက်လက်ကျေးရွာအပါ ကျေးရွာငါးရွာ စုပေါင်းရေပေးရေး ဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များက ဖွင့်လှစ်ပေးသည်။

ထို့နောက် ကျေးရွာ ၅ ရွာမှ ကျေးရွာသူကျေးရွာသားများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးရွာများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ ဝင်ငွေတိုးရေးဆောင်ရွက်သွားမည့် အစီအစဉ် များကို ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာငံမြို့နယ်ရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ သမဝါယမအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကော်ဖီစိုက်တောင်သူများက လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စားသုံးဆီဖူလုံရေး နေကြာဆီ တိုးချဲ့စိုက်ပျိုးရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးမည့် အစီအစဉ်များဖြစ်သည့် မြစိမ်းရောင်စီမံကိန်းသွင်းအားစုနှင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအတွက် မတည်ရန်ပုံငွေ ဆောင်ရွက် မည့် အစီအစဉ်များ၊ ဆိုလာစနစ်စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်