နေပြည်တော် မတ် ၁၉
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးခြင်း၊ အမြဲတမ်း မသန်စွမ်းဖြစ်ခြင်းတို့အတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်း(ရန်ကင်း)၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံများ တက်ရောက် ကြသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အကျုံးဝင်မြို့နယ် ပေါင်း ၁၁၆ မြို့နယ်၌ မှတ်ပုံတင်အလုပ်ဌာန (၃၃,၇၇၆) ဌာနနှင့် အာမခံအလုပ်သမားပေါင်း (၁,၀၈၇,၁၁၃) ဦးရှိသည်။
နိုင်ငံတစ်ဝန်းတွင် မြို့နယ်လူမှုဖူလုံရေးရုံး (၇၈) ရုံး ဖွင့်လှစ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး၌ အလုပ်ဌာန (၁၃,၄၀၇) ဌာနနှင့် အာမခံအလုပ်သမား (၇၅၈,၃၂၄) ဦးရှိ၍ အာမခံအလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရမှုများအတွက် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိသည်။
၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပုဒ်မ ၂ (စ) နှင့်အညီ အာမခံအလုပ်သမား တစ်ဦးသည် အလုပ်ရှင်၏ အကျိုးငှာအလုပ်ခွင်အတွင်း (သို့မဟုတ်) အလုပ်ခွင်ပြင်ပနှင့် အလုပ်ခွင်သို့ အသွား၊ အပြန်၊ လမ်းခရီးတို့တွင် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့ ဖြစ်ပေါ်သည့်အခါ အလုပ်ခွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းများအတွက် အမြဲတမ်းမသန်စွမ်းမှု တစ်လုံးတစ်ခဲတည်း ငွေလုံးငွေရင်း အကျိုးခံစားခွင့်များ ထုတ်ပေးလျက်ရှိသည်။
ယနေ့ ကျင်းပသည့် အခမ်းအနားတွင် အလုပ်ခွင်အတွင်း (သို့မဟုတ်) အလုပ်ခွင်ပြင်ပနှင့် အလုပ်ခွင်သို့အသွား၊ အပြန်လမ်းခရီး တို့တွင် မတော်တဆသေဆုံးခဲ့သည့် အလုပ်သမား (၃) ဦးနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့သည့် အလုပ်သမား (၄) ဦး၊ စုစုပေါင်း (၇) ဦးတို့အတွက် အကျိုးခံစားခွင့် ခွင့်ပြုငွေ ကျပ် ၄၃,၃၂၈,၅၂၀ ကို ဒုတိယဝန်ကြီးက ကာယကံရှင် အလုပ်သမားများနှင့် ကျန်ရစ်သူ မိသားစုများထံသို့ လက်ရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်