နေပြည်တော် မတ် ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မတ် ၁၇ ရက်မှ ၁၈ ရက်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(မြစ်ကြီးနား)နှင့် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် မတ် ၁၇ ရက် ညနေ ၄ နာရီတွင် ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)နှင့် အစိုးရနည်းပညာအထက်တန်ကျောင်း (မြစ်ကြီးနား) သို့ရောက်ရှိပြီး ဒုတိယ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ICT နည်းပညာသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက်ရှိသဖြင့် နည်းပညာကို အကျိုးရှိစွာ အသုံးချပြီး စဉ်ဆက်မပျက်သင်ယူခွင့်ရရှိရေး၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။
မတ် ၁၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ တာဝန်ရှိသူများနှင့်အတူ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ စီမံကိန်းလျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၊ နည်းပညာ တက္ကသိုလ် (မြစ်ကြီးနား) နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (မြစ်ကြီးနား) တို့ရှိ စာသင်ခန်းများ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက် များနှင့် အလုပ်ရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)