နေပြည်တော် မတ် ၁၈
တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးတွင် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ၂၀၂၁ - ၂၀၂၂ (၆ လ) ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်ခွင့်ပြုထားသော လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့များမှ တည်ဆောက်ရေး လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြ ရန်လိုပါကြောင်း၊ လုပ်ငန်းပမာဏများပြားသည့် ဝန်ကြီးဌာနများအနေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ လုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းအပါအဝင် ဆောင်ရွက်ရန်တို့ကို အလျင်အမြန် ဆောင်ရွက်နိုင်မှသာ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ကောင်းမွန်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးမီအောင် အလေးထား ဆောင်ရွက်ကြရန်လည်း အထူးမှာကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်က ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒ များနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်က ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ တင်ဒါစည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။
ယင်းနောက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ၊ အတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင် များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူတို့က မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် အသီးသီး အကြံပြုဆွေးနွေး တင်ပြရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားသည်။
ဆက်လက်၍ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း ဦးစီးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၃ နာရီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဦးစီး ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ကိုဗစ် -၁၉ စီးပွာရေးကုစားမှု အစီအစဉ်အရ ၂၀၂၀ခုနှစ် စက်တင်ဘာလမှ စတင်ပြီး ပြည်သူ့အငှားအိမ်ရာ အခန်း (၁၀၀၀၀) စီမံကိန်း၏ Phase (I) အိမ်ခန်း (၅၀၀၈)ခန်း၏ လုပ်ငန်းများ ပြီးစီးမှုအနေဖြင့် နေပြည်တော်တွင် ၉၀ ရာခိုင်နှုန်း၊ မန္တလေးတွင် ၈၂ ရာခိုင်နှုန်းနှင့် ရန်ကုန်တွင် ၅၃ ရာခိုင်နှုန်းအထိ တိုးတက်ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ စီမံကိန်းအတွက် ကျခံသုံးစွဲထားသည့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှု မရှိစေရန် အလေးထား စိစစ်လျက်ရှိပါကြောင်း၊ နေထိုင်မည့် ပြည်သူများ အဆင်ပြေစေရန် မြေပြင်အခြေအနေအရ ကျောင်း / ဆေးရုံ / ဈေး စသည့်လိုအပ်ချက်များ၊ အခြေခံ အဆောက်အအုံများ ပြည့်စုံစေရေးနှင့် လုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆွေးနွေး ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းထိန်က ပြည်သူ့အငှားအိမ်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အိမ်ရာစီမံကိန်း၏ အခြေခံ သတ်မှတ်ချက်များ၊ မူဝါဒများ၊ စီမံကိန်း လုပ်ငန်းများ သတ်မှတ်အချိန်မီ ပြီးစီးရေးတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) ၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLAC) နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းချုပ် (MDA) တို့မှ တာဝန်ရှိသူများက ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်ရန်ကိစ္စများကို ဆုံးဖြတ်ကြသည်။
(သတင်းစဉ်)