Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များကို လိုက်လံကြည့်ရှု အားပေး

နေပြည်တော် မတ်၁၈

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ယှဉ်ပြိုင်ရန်အတွက် တရုတ်နိုင်ငံ၌ (Joint Training) ပူးတွဲသွားရောက် လေ့ကျင့်ခဲ့သည့် (ဘော်လီဘော၊ လက်ဝှေ့၊ အလေးမနှင့် ဝူရှူး) အားကစားအဖွဲ့များနှင့် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် (ဂျူဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြားပစ်၊ ဗိုဗီနမ်) အားကစားအဖွဲ့များ၏  သရုပ်ပြလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ဂျူဒို လက်ရွေးစင်အားကစားသမားများ ဝိတ်တန်းအလိုက် သရုပ်ပြယှဉ်ပြိုင်ကစားနေမှုများကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ဘော်လီဘောအားကစားသမားများ  လေ့ကျင့်မှု ကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (C)၌ လေ့ကျင့်နေသော ပိုက်ကျော်ခြင်း အားကစားသမားများ ကိုလည်းကောင်း လက်ဝှေ့လေ့ကျင့်ရေးရုံတွင် လေ့ကျင့်လျက်ရှိသည့် လက်ဝှေ့အားကစားသမားများကိုလည်းကောင်း တိုက်ကွမ်ဒို လေ့ကျင့်ရေးရုံတွင် လေ့ကျင့် လျက်ရှိသည့် တိုက်ကွမ်ဒိုအားကစားသမားများကိုလည်းကောင်း၊ မြားပစ်အားကစားကွင်းတွင် လေ့ကျင့်လျက်ရှိသည့် မြားပစ်အားကစားသမားများ၏ လေ့ကျင့်ပစ်ခတ်ကစားနေမှုများကို လည်းကောင်း ကြည့်ရှုအားပေးပြီး ကျန်းမာမှရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ကိုနိုင်ရမည်ဆိုသည့် မလျော့သော ဇွဲ၊ စိတ်ဓာတ်၊ တစ်ဦးကောင်း တစ်ယောက်ကောင်းစိတ် မမွေးဘဲ အသင်း/အဖွဲ့အစည်း စိတ်ဓာတ်တို့ဖြင့် ကြိုးစားလေ့ကျင့် ကြရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံတွင် ပူးတွဲသွားရောက်လေ့ကျင့်စဉ် ရရှိခဲ့သည့် အတွေ့အကြုံ များ၊ နည်းစနစ်ပိုင်းများအတိုင်း ဆက်လက်လေ့ကျင့် ဆောင်ရွက်သွားကြရန်၊ ပြိုင်ပွဲယှဉ်ပြိုင်ရာ တွင် ပြိုင်ဘက်၏ အားနည်းချက်၊ အားသာချက်ကို အသုံးချပြီး ဖြတ်ထိုးဉာဏ်ဖြင့် ချက်ကောင်းထိအောင် ကိုယ်စွမ်းဉာဏ်စွမ်းနှင့် အားကစားသမားကောင်းစိတ်ဓာတ် ထားပြီး မျှမျှတတ ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Social Zone တွင် လေ့ကျင့်လျက်ရှိသည့် ဗိုဗီနမ်အားကစားသမားများနှင့်တွေ့ဆုံ၍ မိမိ ပြိုင်ဘက်အား "အထင်လည်း မသေးသင့်သလို အထင်လည်းမကြီးသင့်ကြောင်း" ပြိုင်ပွဲ နောက်ဆုံးချိန်အထိ အနိုင်ရအောင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကြရန်၊ မိသားစု စိတ်ဓာတ် ထားရှိ၍ အချင်းချင်းရိုင်းပင်း ကူညီဖေးမနေထိုင်သွားကြရန်  မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)