နေပြည်တော် မတ် ၁၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းဖြစ်ပေါ်လာစေရေးတွင် ကွက်လပ် ဖြစ်နေသော လူမှုစီးပွားအခန်းကဏ္ဍအတွက် အထောက်အပံ့ရရှိစေရန် ရည်ရွယ်၍ “ကိုလိုနီခေတ် မြန်မာ့လူမှုစီးပွားဘဝ” သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အမျိုးသား စာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာတမ်းရှင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြင်ပပညာရှင်များ တက်ရောက်ကြပြီး သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲနှင့် အမျိုးသား စာကြည့်တိုက် (ရန်ကုန်)မှ ဝန်ထမ်းများက Online ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ခေတ်ကာလအမျိုးမျိုးတွင် သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနအနေဖြင့် ဦးစီးဌာန၏ ရည်မှန်းချက်တစ်ရပ် ဖြစ်သော တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်း ဖြစ်လာစေရန် အစဉ်ကြိုးပမ်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ဌာနမှထုတ်ဝေခဲ့သော သမိုင်းစာအုပ်များကို လေ့လာပါက အများအားဖြင့် နိုင်ငံရေးသမိုင်း ဖြစ်နေပြီး တစ်ဆက်တစ်စပ်တည်းနီးပါး အပိုင်းလိုက် ထုတ်ဝေပြီးခဲ့သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် လူမှုရေး၊ စီးပွားရေး စသောအပိုင်းများကို ဆက်လက်ဆောင်ရွက် ရန် ဖြစ်ပါကြောင်း။
သမိုင်းဆိုသည်မှာ ပြီးဆုံးသည်မရှိဘဲ အသစ် တွေ့ရှိလာသော အချက်အလက်အထောက် အထားများအရ အမြဲပြင်ဆင်ဖြည့်စွက်နေရပါကြောင်း၊ ထိုသို့ ရှည်လျားလှသော မြန်မာသမိုင်း ကြောင်းတွင် ယခု “ကိုလိုနီခေတ် မြန်မာ့လူမှုစီးပွားဘဝ”ဆိုသည့် စာတမ်းဖတ်ပွဲခေါင်းစဉ်ဖြင့် တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်း ဖြစ်ပေါ်လာစေရေးအတွက် ကွက်လပ်ဖြည့်ရန် အားထုတ်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာပြည်သူများသည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေလာခဲ့ကြရာမှ တိုင်းတစ်ပါးသားအုပ်ချုပ်မှု ရောက်သည့်အခါတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် ပြောင်းလဲမှုကြီးမှာ လူမှုဘဝကို မည်မျှအတိုင်းအတာအထိ ရိုက်ခတ်ခဲ့သည်ကို ဆန်းစစ်ကြည့်ရမည်ဖြစ်ပါကြောင်း၊ ယနေ့ ဖတ်ကြားတင်သွင်းမည့် စာတမ်း များကို လေ့လာကြည့်ပါက သမိုင်းပညာရှင်ကြီးများ သတ်မှတ်ထားသည့် ကိုလိုနီခေတ် ဘောင်အတွင်းမှ လူမှုစီးပွားရေးများအပေါ် အခြေခံပြီး ရေးသားထားသည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာတမ်းဖတ်ပွဲတွင် ညွှန်ကြားရေးမှူး ဒေါက်တာလဲ့လဲ့ဝင်းက “အင်္ဂလိပ် လက်အောက်ကျရောက်ခဲ့သော မော်လမြိုင်ဒေသ၏ လူမှုစီးပွားအခြေအနေများကို လေ့လာခြင်း (၁၈၂၆-၁၈၈၆)” စာတမ်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မာလာလွင်က “ကိုလိုနီခေတ် သထုံခရိုင်၏ စီးပွားရေးနှင့် လူမှုရေး(၁၈၅၂-၁၉၄၈)”စာတမ်း၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာလာအောင်က “စကုမှန်ကင်း သစ်သားရုပ်စုံ ဘုန်းတော်ကြီးကျောင်းမှ ဖော်ညွှန်းပြသည့် ကိုလိုနီခေတ် လူမှုရေးနှင့် စီးပွားရေးပုံရိပ်များ”၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မွန်သီရိစိုးက “ကိုလိုနီခေတ်ဦး ရခိုင်လူမှုစီးပွားစနစ် ပြောင်းလဲလာပုံ” စာတမ်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်သီတာက “မြန်မာ့ရုပ်ရှင်အစ ကိုလိုနီခေတ်က” စာတမ်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသူဇာညွန့်က “ကိုလိုနီခေတ် ရခိုင်တိုင်းဒေသ ဆားချက်လုပ်ငန်း (၁၈၂၆-၁၉၁၄)” စာတမ်းတို့ကို ဖတ်ကြားကြပြီး စာတမ်းဖတ်ပွဲ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဖြည့်စွက်မေးမြန်း ဆွေးနွေးကြသည်။
ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)