Skip to main content

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန (နတ်မောက်) အဆောက်အအုံသစ် ဖွင့်လှစ်

နတ်မောက် မတ် ၁၈

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နတ်မောက်မြို့၌ တည်ဆောက်ပြီးစီးသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ အဆောက်အအုံသစ်ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မကွေးတိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မြို့မိမြို့ဖ ဦးဉာဏ်ရှိန်နှင့် ဒေါ်ကြည်မြင့်တို့က လူထုအခြေပြု ဗဟိုဌာန ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအတွင်း နတ်မောက်မြို့နယ်၌ ပထမဆုံးဖွင့်လှစ် နိုင်ခဲ့သည့် လူထုအခြေပြုဗဟိုဌာနဖြစ်၍ များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ လူကြီး၊ လူငယ်များနှင့် ကျောင်းသားကျောင်းသူများ (လူမျိုးဘာသာမရွေး) အသိပညာဗဟုသုတ တိုးပွား စေရန် စာကြည့်တိုက်များ ဖွင့်လှစ်ထားရှိပြီး အများပြည်သူ သတင်းအချက်အလက် ရရှိနိုင်ရန် နှင့် အသိပညာပေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ စာကြည့်တိုက်များ ကို ပြည်သူများ အသိပညာရှာမှီးရာနေရာ၊ သတင်းအချက်အလက် ရှာဖွေရာနေရာ၊ တိုင်းကျိုး ပြည်ကျိုး၊ ရပ်ကျိုးရွာကျိုးများ ဆွေးနွေးတိုင်ပင်ရာနေရာ၊ ပြည်သူများ အပန်းဖြေရာ နေရာဖြစ်အောင် လူထုအခြေပြုဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ယနေ့ နတ်မောက်မြို့၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သော လူထုအခြေပြုဗဟိုဌာန အဆောက် အအုံကို နိုင်ငံတော်ဘဏ္ဍာငွေကျပ် ၄၁၄ သန်းကျော်ဖြင့် တည်ဆောက်ပေးခဲ့ပြီး မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်သိန်း  ၅၀၀ တန်ဖိုးရှိပစ္စည်းများ ဖြည့်ဆည်း လှူဒါန်းပေး ခဲ့သည့်အတွက် ယခုကဲ့သို့ ခမ်းနားထည်ဝါစွာ  တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနများသည် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် အသင့်တော်ဆုံးနေရာတစ်ခုဖြစ်ပြီး လူငယ် Network ကျယ်ပြန့်လာ သည်နှင့်အမျှ စုစည်းညီညွတ်မှုနှင့် စုပေါင်းဆောင်ရွက်မှု အားကောင်းကာ အနာဂတ်တွင် တိုင်းပြည်၏ အားကိုးအားထားပြုရသော လူငယ်ခေါင်းဆောင်များကို မွေးထုတ် ပေးနိုင်သည့် နေရာတစ်ခုဖြစ်လာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ထို့အပြင် ကောင်းမွန်သည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးတံတားတစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း။

မိမိတို့ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်း၍ လူထုအခြေပြုဗဟိုဌာနကို ပြည်သူများ အနေဖြင့် အကျိုးရှိရှိ အသုံးပြုကြရန်နှင့် ရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက် သွားကြရန် မှာကြားလိုပါကြောင်း  ပြောကြားသည်။

ထို့နောက်  တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အမှာစကား ပြောကြားပြီး နတ်မောက်မြို့မှ မြို့မိမြို့ဖ ဦးဉာဏ်ရှိန်က ကျေးဇူးတင်စကား  ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးလျက်ရှိသည့် အစီအစဉ်များကို ပြည်သူများ ဖမ်းယူကြည့်ရှုနိုင်ရန်အတွက် MRTV DVB –T2 Set Top Box အလုံးရေ ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ  တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက လက်ခံရယူသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တက်ရောက်လာကြသူများက လူထုအခြေပြုဗဟိုဌာန အဆောက်အအုံအတွင်း ပြသထားရှိသော ဘက်စုံသုံးခန်းမ၊ အနုပညာ ခန်း၊ ပြတိုက်ငယ်၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ အားကစားခန်းမ၊  ကွန်ပျူတာ သင်တန်းခန်းမ၊ အစည်းအဝေးခန်းမနှင့် ကလေးကစားခန်းတို့ကို လှည့်လည်ကြည့်ရှု အားပေးပြီး  ကလေးစာဖတ်ခန်းအတွင်း ဝင်ရောက်လေ့လာ ဖတ်ရှုနေသည့် ကလေးငယ်များ အား အမှတ်တရ အရုပ်ပစ္စည်းများ ပေးအပ်သည်။

ယခုဖွင့်လှစ်သည့် လူထုအခြေပြုဗဟိုဌာန အဆောက်အအုံသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်ခြင်းဖြစ်ကာ မကွေးတိုင်းဒေသကြီးအတွင်း နတ်မောက်မြို့တွင် ပထမဆုံး ဖွင့်လှစ် သည့် အဆောက်အအုံဖြစ်ပြီး ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ သတင်း အချက်အလက်နှင့် နည်းပညာ၊ အားကစား၊ အနုပညာ၊ စာပေစကားဝိုင်း ဆွေးနွေးပွဲများနှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို အခမဲ့ ဝင်ရောက်လေ့လာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကို  သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေကြသည့် လူနာများအား အစားအသောက်နှင့်  ထောက်ပံ့ငွေများ  ပေးအပ်လှူဒါန်းသည်။

ယင်းနောက် မင်းဘူးမြို့ရှိ မန်းရွှေစက်တော်ဘုရားသို့ သွားရောက်ဖူးမြော်၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် မင်းဘူးမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းများကို အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြောင်းလဲ ဆောင်ရွက်နေချိန်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် စိတ်ကောင်း၊ စေတနာကောင်းများဖြင့် လုပ်ငန်း များတိုးတက်အောင် ဆောင်ရွက်ကြရန်မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

သတင်းစဉ်