နေပြည်တော် မတ် ၁၇
ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်းတို့နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကလောမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဆောင်များ၊ စာသင်ခန်းများနှင့် ကျောင်းဘောလုံးကွင်းကို ကြည့်ရှု စစ်ဆေး၍ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် ကျောင်းဘောလုံးကွင်း အဆင့်မြှင့်တင်ရေး အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းသို့ ရောက်ရှိကာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲခန်းများ ပြင်ဆင်ထားရှိမှုကို ကြည့်ရှု စစ်ဆေး၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ စိတ်ကျဉ်းကျပ်မှုမရှိစေဘဲ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ ကျောင်းသားကျောင်းသူများ စိတ်လွတ်လပ်စေရေး အတွက် စာဖြေခုံများကို ရှေ့နံရံ၊ နောက်နံရံများနှင့်ကပ်၍ မထားဘဲ အကွာအဝေးကို စနစ်တကျ ထားရှိစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်စေလိုပါကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဝင်း အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအတွင်း ကျောင်းအားကစားရုံ ပြုပြင်တည်ဆောက် နေမှုများနှင့် ကျောင်းဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် အဆိုပါကျောင်း၏ ဒေါ်ခင်သိန်း ကျောင်းဆောင်ခန်းမတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ကြီးကြပ်ရေးမှူးများ ဖြစ်ကြသော ရှမ်းပြည်နယ် တောင်ပိုင်း ပြည်နယ်ပညာရေးမှူး ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် နိုင်ငံ၏ ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး အားပေးလျက်ရှိပြီး အဘက်ဘက်က ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော ဘဏ္ဍာငွေများ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆရာ ဆရာမများ အရည်အသွေး မြင့်မားရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာမီ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ပညာရေးမှူးများကို စီမံခန့်ခွဲမှုမွမ်းမံ သင်တန်းများပို့ချကာ ဆင့်ပွား သင်တန်းများ ဆက်လက်ပို့ချမည်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညီညွတ်စွာဝိုင်းဝန်း လက်တွဲ၍ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲကို အေးချမ်းစွာ ဖြေဆို နိုင်ရေးအတွက် လိုအပ်ချက်များရှိပါက အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။
စာမေးပွဲကျင်းပရေးကိစ္စနှင့် စပ်လျဉ်းသော အဆင့်တိုင်းတွင် ကြီးကြပ်ရေး တာဝန်၊ လုံခြုံရေး တာဝန်စသည်တို့တွင် လစ်ဟင်းမှုမရှိစေရေး အသေးစိတ်ပြင်ဆင် ဆောင်ရွက်ကြစေ လိုပါကြောင်း၊ စာရင်း၊ ဇယားများ ပြုစုဆောင်ရွက်ရာတွင် တိတိကျကျ ပြုစု ဆောင်ရွက်ပေးစေလိုပါကြောင်း၊
ကျောင်းသား ကျောင်းသူများ လိမ္မာယဉ်ကျေးစေရန်၊ စည်းကမ်း ကောင်းမွန်စေရန်နှင့် မျိုးချစ်စိတ် ရှင်သန် ထက်မြက်စေရန်အတွက် စာမေးပွဲအပြီးတွင် ဟောပြောပွဲများ ကျင်းပဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမ များ၏ဆရာဟူသော အမည်နှင့် လုပ်ငန်း တာဝန်သည် အလွန်လေးစား မြတ်နိုးဖွယ်ရာ တန်ဖိုးရှိပါကြောင်း၊ မိမိတို့နိုင်ငံ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍများတွင် စေတနာ အပြည့်ထား၍ အားစိုက်ဆောင် ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ရှမ်းပြည်နယ်အတွင်း စာတတ်မြောက်မှုနှုန်း မြင့်မားရေးမှသည် ပညာတတ်များဖြင့် ပြည်နယ်အလှ၊ နိုင်ငံအလှကို ဆင်နိုင်ရန်အတွက် ညီညီညွတ်ညွတ် ကြိုးစား ဆောင်ရွက်ရေး ပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်းက စာရင်းဇယားများ တိကျသေချာအောင် ဆောင်ရွက်ရေးနှင့် ဘဏ္ဍာရေးစည်းကမ်း၊ လုပ်ထုံး လုပ်နည်းနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဆရာ ဆရာမများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်