နေပြည်တော် မတ် ၁၇
ပြင်ဦးလွင် ကော်ဖီစီမံကိန်း အကောင်အထည်ဖော်မှု ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာများအပေါ် ပြန်လည်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်း အတွင်းဝန်များနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က မြန်မာနိုင်ငံ၏ စီးပွားဖြစ် ကုန်းမြင့်ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရိပ်ပင်အောက်တွင် စိုက်ပျိုးရသည့် သဘာဝရှိသော ကော်ဖီသီးနှံ စိုက်ပျိုးရေးသည် စီးပွားရေးအတွက်သာမက သဘာဝပတ်ဝန်းကျင် အခြေအနေနှင့် ရာသီဥတု ပြောင်းလဲမှုကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ပြီး ၂၀၀၂ ခုနှစ်မှစတင်၍ ပြင်ဦးလွင်ဝန်းကျင်တွင် ကော်ဖီသီးနှံ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရေး ကြိုးပမ်းခြင်း ဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးရန် ခွင့်ပြုထားသော ဧရိယာအတွင်း ကော်ဖီစိုက်ပျိုးခြင်းမရှိပဲ လူနေအဆောက်အအုံနှင့် အခြားလုပ်ငန်းများတွင် သုံးစွဲထားမှုများအပေါ် တည်ဆဲဥပဒေများနှင့် အညီ စိစစ်ကြပ်မတ်ရန် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြင်ဦးလွင် ကော်ဖီစီမံကိန်း အကောင်အထည်ဖော်ရာတွင် စိုက်ပျိုးမြေများ ရယူသုံးစွဲထားသော ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ်ဧရိယာပြည့် စိုက်ပျိုးရေးအတွက် မြေအသုံးချခွင့်ပြု ထားစဉ်က သတ်မှတ် ပေးထားသည့်အတိုင်း အပြည့်အဝ အကောင်အထည် ဖော်နိုင်ရေးကို သက်ဆိုင်ရာဌာနများက ချမှတ်ပေးထားသောမူနှင့် စည်းကမ်း ချက်များအတိုင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်များအပေါ်အခြေခံ၍ စီမံကိန်း အောင်မြင်အောင် တိကျစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပြင်ဦးလွင် ကော်ဖီစီမံကိန်း ဧရိယာအတွင်းရှိ သစ်တောဧရိယာအတွင်း ကျရောက်လျက်ရှိသော ကော်ဖီစိုက်ပျိုးမြေ လုပ်ကိုင်သူများအနေဖြင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ မူဝါဒ၊ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ စိစစ်ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ကော်ဖီစီမံကိန်း အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ကွင်းဆင်း အဖွဲ့များဖွဲ့စည်း စစ်ဆေးမှုများအရ တွေ့ရှိရသည့် အခြေအနေများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင် ကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ကွင်းဆင်းစစ်ဆေးချက်များ၊ ကော်ဖီစိုက်ပျိုးရန် လုပ်ပိုင်ခွင့် ပြုထားသည့် မြေပေါ်တွင် သတ်မှတ်ထားသော စည်းကမ်းချက်ပါ လမ်းမြေ အဆောက်အအုံ အရွယ်အစားထက် ပိုမိုအသုံးပြုခြင်း၊ အခြားသီးနှံစိုက်ပျိုးခြင်းနှင့် ကော်ဖီ စိုက်ပျိုးထားခြင်း မရှိသော မြေယာများအပေါ် ဥပဒေနှင့်အညီ စီမံဆောင်ရွက်နိုင်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)