နေပြည်တော် မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ (၁၁) ပေါက်ကျေးရွာအနီး မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား မတ်လ ၁၅ ရက် ညပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ကာ တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ အပါအဝင် အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ခရီးသည်များ တင်ဆောင်၍ မန္တလေး-မြစ်ကြီးနားကားလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် “သစ္စာလှိုင်"ခရီးသည်တင် မှန်လုံယာဉ်၊ “မနောမန္တလာ" ခရီးသည်တင်ယာဉ်၊ မုံရွာ-နန့်တော်-ကသာပြေးဆွဲလျက်ရှိသည့် “ချမ်းသာအောင်” ယာဉ်လိုင်းမှ ခရီးသည်တင် AD Van ယာဉ်ငယ်နှင့် PARADO မော်တော်ယာဉ်၊ စုစုပေါင်း ၄ စီးတို့အား မတ်လ ၁၅ ရက် ည ၁၁ နာရီခွဲတွင် ကန့်ဘလူမြို့နယ်၊ (၁၁)ပေါက် ကျေးရွာ အထွက်သို့ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမား ၄၀ ဦးခန့်က လမ်းဘေး ဝဲ/ယာတို့မှ နေ၍ တူမီးသေနတ်များဖြင့် ပစ်ခတ်ကာ လမ်းဘေးတွင်ထောင်ထားသည့် လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခဲ့မှုကြောင့် “မနောမန္တလာ” ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက် ဖြစ်သူ ကိုမင်းခန့်(၂၁)နှစ် နှင့် “ချမ်းသာအောင်”ယာဉ်လိုင်းအသင်းမှ AD Van ယာဉ်မောင်းဖြစ်သူတို့ သည် တူမီးကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး “သစ္စာလှိုင်” ခရီးသည်တင်ယာဉ် ယာဉ်မောင်း ဖြစ်သူ ဦးဇော်ဇော်နိုင် (၄၇)နှစ် (ဘ)ဦးကြင်မောင်၊ ယာဉ်နောက်လိုက်ဖြစ်သူ ကိုကျော်မင်းထွန်း (၂၃)နှစ် (ဘ) ဦးမြင့်ဆန်း၊ “မနောမန္တလာ” ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဦးရဲဇော်ကို (၃၄)နှစ်၊ အကူယာဉ်မောင်းဖြစ်သူ ကိုဇော်မျိုးဦး (၃၀)နှစ်၊ ယာဉ်မယ်ဖြစ်သူ မဇာနာ (၁၉)နှစ်၊ ခရီးသည်များ ဖြစ်ကြသည့် ကိုမျိုးသူထွန်း (၂၂)နှစ်၊ မမာဌေး (၂၁)နှစ်နှင့် မရီရီရွှေ (၃၁)နှစ်တို့တွင် တူမီးကျည်ထိမှန် ဒဏ်ရာများ၊ မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကာ မော်တော်ယာဉ် ၄ စီးမှာ မိုင်းစနှင့် တူမီးသေနတ် ကျည်များ ထိမှန်၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံး အဆောက်အဦများနှင့် အများပြည်သူ နေအိမ်များအပြင် အများပြည်သူသွားလာနေသည့် လမ်းမကြီးများနှင့် ခရီးသွားပြည်သူများအား ပစ်မှတ်ထားပစ်ခတ် တိုက်ခိုက်ခြင်းနှင့် လူမှုစီးပွားကို ထိခိုက်ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေသည့် အကြမ်းဖက်လုပ်ရပ်များကို တဖက်သက်အစွန်းရောက် ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာ ပြုလုပ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူ နိုင်ရေးနှင့်နယ်မြေ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။