Skip to main content

ရန်ကုန်တိုင်းဒေသကြီး၌ နေကြာသီးနှံ ဧက(၈၀၀၀) ကျော် တိုးချဲ့စိုက်ပျိုးမည်

နေပြည်တော် မတ် ၁၆

ဒေသ၏ရေမြေရာသီဥတုထူးခြား အားသာချက်များကို စနစ်တကျအသုံးချ၍ စျေးကွက်အလား အလာရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးနှင့် တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ မတ် ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတည်ဆောက်ရေး(၉) အစည်းအ‌ဝေးခန်းမတွင် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

တွေ့ဆုံပွဲတွင် ဒေသဝမ်းစာဖူလုံရေး၊ အာဟာရဓါတ်ပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသော တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ် တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့်ဌာနပုဂ္ဂလိက တောင်သူတို့ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေး ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၌ နွေစပါး၊ မိုးစပါး ဧက(၁၃)သိန်းကျော်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအပါအဝင် အဓိကသီးနှံ(၈)မျိုး၏ စိုက်ပျိုးဧရိယာစုစုပေါင်း ဧက(၁၈)သိန်းကျော် ရှိပြီး စားသုံးဆီဖူလုံရေးအတွက် ယခုနှစ် ဆောင်းသီးနှံမှ စတင်၍ နေကြာသီးနှံ ဧက(၈၀၀၀) ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရန်ကုန်မြို့ (၉)မိုင်ရှိ  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း(၁)ရှိ ဆည်တမံများ ထိန်းသိမ်းရေး ဆိုင်ရာ စက်ယန္တရားများ ပြုပြင်ထိမ်းသိမ်းခြင်းနှင့် စက်မှုလုပ်ငန်းခွင် သင်တန်းကျောင်းသို့ သွားရောက်ကြပြီး မော်တော်ယဉ်နှင့် စက်ယန္တရားများ ကိုင်တွယ် မောင်းနှင်ခြင်းဆိုင်ရာသင်တန်း၊ စက်ပြင်ဆင် ထိန်းသိမ်းခြင်းသင်တန်း၊ စက်မှုနှင့် လျှပ်စစ်ဘာသာရပ်ဆိုင်ရာသင်တန်း၊ လျှပ်စစ်နှင့် ဂဟေဆက်သင်တန်းဖွင့်လှစ် ပို့ချပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် သင်တန်းနည်းပြများ သင်တန်းသားများနှင့် တွေ့ဆုံစဉ်၍  လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၏ ပိုးသတ်ဆေး ဓာတ်ကြွင်းစစ်ဆေးခြင်းလုပ်ငန်းများ၊  မှိုအဆိပ်စစ်ဆေးခြင်း လုပ်ငန်းများနှင့်စိုက်ပျိုးရေးဆိုင်ရာ သွင်းကုန် ထုတ်ကုန်များအပေါ် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းများ ကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတိရစ္ဆာန်အစာနှင့် ဆေးဝါးသုတေသန ဌာနစိတ်၏ သုတေသန ဓာတ်ခွဲခန်းများ၊ အရည်အသွေးကောင်းမွန်သော ကာကွယ်ဆေးများ ကုသဆေးများနှင့် အားဖြည့် ဆေးဝါးများဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ အပင်ဇီဝနည်းပညာဗဟိုဌာန၏ သီးနှံမျိုးစေ့များ မျိုးဗီဇမှန်ကန်ရေးနှင့် မျိုးသန့်စင်ရေးအတွက် ခေတ်မီနည်းပညာ အသုံးပြု၍ မျိုးဗီဇခွဲခြားစီစစ်ခြင်းဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ ငှက်ပျော၊  ဝဥနှင့်သစ်ခွ တစ်သျှူးမျိုးပွား နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့ရှိ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာ သင်တန်းကျောင်းသို့ရောက်ရှိကြပြီး သင်တန်းနည်းပြများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အရည်အသွေး ပြည့်ဝသည့် စက်မှုလယ်ယာ လုပ်သားကောင်းများလေ့ကျင့်ပျိုး ထောင်ပေးရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ သင်တန်းကျောင်း၏ သင်ကြားမှုအထောက်အကူပြု စက်ကိရိယာများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။  

သတင်းစဉ်